ဘာသာရေးခွဲခြားဖိနှိပ်မှုနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Trump နဲ့ အိမ်ဖြူတော်မှာ ဇူလိုင်လက တွေ့ဆုံပြောကြားခဲ့တဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC ) ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို အရေးယူဖို့ မြန်မာစစ်တပ်က တရားရုံးမှာ ဦးတိုက်လျောက်ထားတဲ့ လုပ်ရပ်ဟာ ဘာသာ မတူသူတွေအပေါ် စစ်တပ်ရဲ့ ဖိနှိပ်မှုကို ပိုပြီး သက်သေပြလိုက်တာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့က ပြောပါတယ်။
သြဂုတ်လ (၂၆)ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို အမေရိကန်သမ္မတ Trump နဲ့တွေ့ဆုံစကားပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဥပဒေအရ အရေးယူပေးဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးကို လျောက်ထားခဲ့တာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ဝါရှင်တန်ဒီစီမှာ ဇူလိုင်လ က ကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်ခံရမှုမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူပေါင်း ၂၇ ဦးကို သမ္မတ Donald Trump က အိမ်ဖြူတော်ကို ဖိတ်ခေါ် တွေ့ဆုံရာမှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ KBC ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်နဲ့ ထောင်ထဲမှာ လပေါင်းများစွာနေခဲ့ရတဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng တို့နှစ်ဦး ပါဝင်ခဲ့တာပါ။
သမ္မတ Trump နဲ့ အနီးဆုံးရပ်နေပြီး ပထမဆုံးပြောခွင့်ရခဲ့တဲ့ ဒေါက်တာ ခါလမ်ဆမ်ဆွန်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး မြန်မာစစ်တပ်ကနေ ခရစ်ယာန်တွေကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း သမ္မတ Trump ကို ၄၁ စက္ကန့်လောက်ပဲ တင်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီလို ပြောကြားချက်တွေကို World News Now Facebook Page မှာဖေါ်ပြထားတာကို တွေ့ရှိရတဲ့အတွက် ဥပဒေအရ အရေးယူဖို့ သြဂုတ်လ (၂၆)ရက်နေ့ ရက်စွဲနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနား တရားရုံးမှာ ဦးတိုက်လျောက်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
KBC ခေါင်းဆောင် သင်းအုပ်ဆရာ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တရားစွဲဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူ့အခွင့်အရေးဖိနှိပ်မှု ဥပဒေတွေအရ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်ထားကြောင်း ထင်ရှားတဲ့ သက်သေတခုဖြစ်လာတယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာဌာန လက်ထောက်ညွန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။
ဗွီအိုအေကို တုန့်ပြန်တဲ့ သူရဲ့စာမှာ- တပ်မတော်ဟာ ကချင်နဲ့ အခြား ဒေသတွေမှာ တိုင်းရင်းသားအရပ်သားတွေကို တိုက်ခိုက်၊ သတ်ဖြတ်ရုံမက အခုလို စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် တရားမျှတမှုကို တောင်းဆိုရဲသူ မည်သူမဆို ရာဇဝတ်ပုဒ်မနဲ့ စနစ်တကျ တရားစွဲဆို လာနေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် မှတ်တမ်းအရဆိုရင်လည်း ဒေါက်တာ ခါလမ်ဆမ်ဆွန် က သမ္မတ Trump ကိုပြောကြားခဲ့တဲ့ အချက်တွေဟာ မှန်ကန်ပြီး၊ ကချင်ပြည်နယ်မှာ တပ်မတော်ရဲ့ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တာကို HRW အပါအဝင် အခြား အဖွဲ့အစည်းတွေက အထောက်အထားပြုစုထားတဲ့ အစီရင်ခံစာတွေ အများအပြားရှိထား ပြီးသာလို့ ဆိုပါတယ်။
ဒါကြောင့် ဒေါက်တာ ခါလမ်ဆမ်ဆွန်အပေါ် တင်ထားတဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းဖို့ သူတို့ရဲ့ တပ်မတော်အရာရှိကို ညွန်ကြားသင့်ကြောင်း HRW က ထောက်ပြထားပါတယ်။
အလားတူ မြန်မာစစ်တပ်က KBC ဥက္ကဌကို အခုလို တရားစွဲတာဟာ သတိပေးခြိမ်းခြောက်တဲ့ လုပ်ရပ်လို မြင်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။
“မှန်တာကို ပြောရင် ထောင်ချတဲ့နိုင်ငံဖြစ်နေတယ်ဆိုတာကို ဒီနေ့အထိပေါ့နော်။ တကယ်ကို မမှန်ဘူး ဆရာ ခါလမ်ဆမ်ဆွန် ပြောတာတွေက မှားတယ်ဆိုရင် ထုတ်ပြပေါ့။ ရာဇဝတ်မှုတွေ မကျူးလွန်ခဲ့ဘူး ။ နောက်တခုပြောသွားတာကတော့ တကယ် ပြည်ထောင်စုလိုချင်တဲ့အကြောင်းပြောတယ် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလိုချင်တယ် ။ ဒါကို စစ်တပ်က မလိုချင်တာလားမသိဘူး။ ဖြစ်နိုင်ရင်တော့ ဒီထက်တောင် ဆိုးဝါးတဲ့ တုံ့ပြန်မှုနဲ့ လုပ်ချင်မှာပဲ။ ဒါပေမယ့် အခုကတော့ ဒီအခြေအနေနဲ့ အရင် သတိပေးတဲ့ ပုံစံနဲ့ လုပ်တယ်လို့ ကျနော်တို့ထင်တယ်။
မေး။ ။ အဲဒါဆိုရင် ဒေါက်တာ ခါလမ်ဆမ်ဆွန်ပြောကြားချက်တွေ အမှန်တွေပဲဆိုရင် ကချင် ခရစ်ယာန်တွေ ကို မြန်မာစစ်တပ်က ဘယ်လောက်ထိဖိနှိပ်သလဲဆိုတာ ဥပမာ ပေးလို့ရမလားရှင့်။
ဖြေ။ ။တရားဥပဒေအောက်မှာပေါ့ လွတ်လပ်စွာကိုးကွယ်နိုင်ခွင့် လိုင်စင်ပေါ့နော် ဘုရားဝတ်ပြုကိုးကွယ်ခွင့် ၊ နောက်ဘုရားကျောင်း တည်ဆောက်ခွင့်ပါမစ်ဆိုတာ ဒီနေ့အထိ မယ်မယ်ရရ ရှိတဲ့ ဘုရားကျောင်းက လက်ချိုးရေလို့ ရပါတယ်။ နောက်တခုက စစ်တိုက်လာတဲ့အချိန်မှာ ယှဉ်လို့မရတဲ့ နှုန်းလောက်ကို ကျနော်တို့ ခရစ်ယာန် ဝတ်ပြုကျောင်းတွေ ၊ ဘုရားကျောင်းတွေ ပျက်ဆီးသွားတာကို တွေ့ရတယ်။ အများပိုင်း ဒုက္ခသည်စာရင်းကို ကောက်လိုက်မယ်ဆိုရင် ခရစ်ယာန်တွေအများဆုံး အဓိကတော့ ကချင်တိုင်းရင်းသားတွေက အများဆုံးဆိုတော့ နောက် ဒုက္ခသည်ကူညီရေးမှာ လုပ်တာတွေရော အဓိကတော့ ခရစ်ယာန်ဘာသာ ဘုရားကျောင်းတွေ ဝတ်ပြုကိုးကွယ်တဲ့နေရာတွေက အဓိက ကူညီတဲ့အချိန်မှာ အစိုးရကနေပြီးတော့ တော်တော်အချိန်ကြာအောင် အကူအညီပြုလုပ်တာတွေကို ဟန့်တားခဲ့ပါတယ်။ အခုလည်း ဟန့်တားနေစဲပါ။ ”
ဒေါက်တာ ခါလမ်ဆမ်ဆွန်က သမ္မတ Tump ကို ၄၁ စက္ကန့်ကြာပြောဆိုခဲ့တာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင် Baptist ခရစ်ယာန်ကျောင်းကပါ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ခရစ်ယာန်တွေကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်အရေးလည်း သိပ်မရကြပါဘူး။ ဒါ့အပြင် တိုင်းရင်း လက်နက်ကိုင် တပ်တွေက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ တိုင်းရင် လူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကိုဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် အောင်မြင်ရေးအတွက် အကူအညီပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။”
ဇူလိုင်လက အမေရိကန်နိုင်ငံခြားရေးဌာနက ပြုလုပ်တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်လာတဲ့ ကချင် သင်းအုပ်ဆရာ နှစ်ဦးရဲ့ မြန်မာနိုင်ငံပြန်သွားမယ့် အခြေအနေကို အမေရိကန် အိမ်ဖြူတော်က အနီးကပ်စောင့်ကြည့်နေကြောင်း ဒုသမ္မတ Mike Pense ရုံးက ကြေညာချက်ထုတ်ပြန်ထားသလို ဘာသာရေးညီလာခံမှာ သူတို့နှစ်ဦးတင်ပြချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးနှိပ်စက်ခံရမှာကို စိုးရိမ်ကြောင်း အမေရိကန်မှာရှိတဲ့ Baptist ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5