ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ခိုလှုံနေကြတဲ့ နမ္မတီးစစ်ပြေးဒုက္ခသည်တွေကို သွားအကူအညီပေးတဲ့ ယာဉ်တန်းတွေကို တပ်ဘက်က ဟန့်တားဖမ်းဆီးထားတဲ့အရေး ကူညီဖြေရှင်းပေးဖို့ မြစ်ကြီးနား ကချင်ပြည်နယ် အစိုးရကို သွားရောက်ဆွေးနွေးတောင်းဆိုမယ်လို့ ဒုက္ခသည်အရေးကူညီပေးသူတွေကပြောပါတယ်။ ဖားကန့်-မြစ်ကြီးနားလမ်းကြားမှာ ကာမိုင်းဂိတ်မှာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အကူအညီတွေ တင်ဆောင်လာတဲ့ ကားတွေ တားဆီးခံလိုက်ရတာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက်နေ့ကစလို့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုန့်ကျေးရွာထဲမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားတချို့ဖမ်းဆီးခံရသလို ထောင်ချီတဲ့ရွာသားတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အဲ့ဒီ့လိုတိမ်းရှောင်လာရတဲ့ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေကို နမ္မတီးမြို့မှာ ဒေသခံရပ်မိရပ်ဖတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ လူမှုအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်စောင့်ရှောက်ပေးထားသလို ဒုက္ခသည်တွေ လိုအပ်ချက်တွေကိုလည်း စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးကားတွေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို သွားရောက်ပေးပို့လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် နမ္မတီးစစ်ရှောင်ဒုက္ခသည်စခန်းကို ဖားကန့်ဘက်ကနေ စစ်ပြေးဒုက္ခသည်တွေအတွယ် ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေကို ကားမိုင်းဂိတ်မှာ တပ်ဘက်က တားဆီးခဲ့တဲ့ အခြေအနေကို ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးလမောင်လတောင်က ရှင်းပြပါတယ်။
“၁၇ ရက်နေ့မှာ ကျနော်တို့ ဆင်းလာတဲ့အခါကျတော့ ဖားကန့်နဲ့ ကားမိုင်းလမ်း မှာ စခန်းတခုရှိတယ်၊ တပ်ကထိုင်တဲ့စခန်း ။ အဲဒီမှာရောက်တော့ ကျနော်တို့ ၂ နာရီ လောက်တော့ ကျနော်တို့ အတားခံလိုက်ရတယ်။ သူတို့ကမေးတယ် နင်တို့အဲဒီမှာ ပစ္စည်းသွားပို့မယ့်အကြောင်းကို တပ်မကိုအကြောင်းကြား ပြီးပြီလားပေါ့။ ဆိုတော့ ကျနော်တို့ ကအကြောင်းမကြားမိပါဘူး။ မသိလို့ပါ စသဖြင့်ဖြေပေးတယ်ပေါ့ အဲဒါမရဘူးဆိုပြီးတော့ ကျနော့်ကိုတားထားပြီး သူတို့တပ်မကို အကြောင်းကြားပေးပါ့မယ်ဆိုပြီးတော့ အဲဒီလိုလုပ်ပါတယ်။ ဆိုတော့ သူတို့ အဲဒီလို ပြန်လွတ်ပေးလိုက်တဲ့အတွက်လျှောလျှောရှုရှုပဲ ထွက်သွားပါတယ်။ အဲဒီကားမိုင်းလည်းရောက်ရော အဲဒီမှာ လာဝလမ်းခွဲဆိုတဲ့နေရာရှိတယ်။ အဲဒီမှာရောက်တဲ့အခါကျတော့ ကျနော်တို့ကို ရဲတွေကလည်း သွားခိုင်းလိုက်ပြီ ကျနော်တို့ကို Pass ပေးလိုက်တာ ၊ ကျနော်တို့လည်း သွားလိုက်ပြီ ဒါပေမယ့် နောက်ဆုံးမှာ ကျနော်တို့ကားတစီးကျန်နေတာ အဲဒါကို တားလိုက်တယ်။ တားပြီးတော့ ကျနော်တို့ ထွက်သွားတဲ့ ကား၇ စီးကို ပြန်ပြီးတော ခေါက်ခိုင်းတယ်။ အဲဒီ ကျနော်တို့ သွားလိုက်တဲ့ ကား ၇ စီးက ဂိတ်ကနေ ၁၇ မိုင်လောက်သွားပြီးပြီ။ လာ၀ ရွာအနီး ရောက်ပြီးပြီ။ ကျနော်တို့ ထမင်းစားဖို့လုပ်နေတဲ့အခါမှာ သူတို့ ဖမ်းထားတဲ့ ကား ဒရိုင်ဘာက ကျနော်တို့ကို ဖုန်းပြန်ခေါ်တယ်။ တပ်က ပြန်ခေါက်ဖို့ပြောနေလို့ အမြန်ဆုံးလာခဲ့ပါဆိုပြီး ကျနော့်ကို ဖုန်းနဲ့ဆက်လာလို့ ကျနော်တို့အားလုံးက ပြန်ပြီးခေါက်လာတာ။ ဆိုတော့ အဲဒီဂိတ်လည်းပြန်ရောက်ရော ဘယ်သူက စစ်တာလဲဆိုတော့ တပ်ကစစ်တာ၊ ဗိုလ်မှူးအေးနိုင်ဆိုတဲ့ ပုဂ္ဂိုလ်က စစ်တာ။ စစ်တဲ့အခါကျတော့ ကျနော်တို့ တဦးချင်းစီရဲ့ မှတ်ပုံတင်ဓါတ်ပုံတွေ စစ်ပြီးပြီ။ ဓါတ်ပုံတွေရိုက် မှတ်ပုံတင်တွေ စစ်ပေါ့လေ။ သူက စစ်လည်းစစ်ပြီးရော ကျနော်တို့က ဟိုဘက်မသွားခိုင်းလို့ရှိရင် ကျနော်တို့ပြန်ခေါက်ပါ့မယ် လို့ပြောတဲ့အခါကျတော့ ကျနေ်ာတို့ အပြန်လမ်းကိုလည်း ဝါးလုံးတားလိုက်တယ် မဖြတ်ခိုင်းဘူးပေါ့နော်။ သူကအကြာကြီးတားလိုက်ပြီးတော့ ညနေပိုင်း ၄ နာရီလောက်ကျတော့ ဘာပြန်လုပ်သလဲဆိုတော့ ၊ မင်းတို့ without ၄ စီးပါလာတဲ့အတွက် အဲဒီ without ၄စီးကို ဖမ်းလိုက်ပြီလို့ အဲလိုပြန်ပြောတယ်။ အဲဒီညတွင်းချင်း ကျနေ်ာတို့ ရဲစခန်းတွေမှာလိုက်ရှင်း ဒါပေမယ့်မရဘူး အဲဒီကနေ ပြဿနာစလာတာ။”
အခုလိုဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေ သွားရောက်ကူညီမယ့် ယာဉ်တန်းတွေထဲက ကယ်ဆယ်ရေးပစ္စည်းတွေအပြည့်တင်ထားတဲ့ ယာဉ်အချို့ ကို လိုင်စင်မဲ့အဖြစ် ဖမ်းဆီးထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ဖို့စီစဉ်နေတယ်လို့လည်း ဦးလမောင်လတောင်က ရှင်းပြပါတယ်။
“အဲဒီကိစ္စက မြစ်ကြီးနား ပြည်နယ်ဒုရဲမှူးပေါ့လေ။ သူကိုယ်တိုင်မနေ့ကဆင်းလာပြီးတော့ သူနဲ့ ဆွေးနွေးရအောင်ဆိုပြီး ကျနော်တို့ သွားဆွေးနွေးပါတယ်။ ၂ ဦး ၂ ဖက်ဆွေးနွေးတဲ့အခါကျတော့ ကားကိုတော့ ဥပဒေအရ တရားစွဲထားလိုက်ပြီပေါ့။ ပြဿနာကို ပြည်နယ်မှာ သွားရှင်းပေါ့ အခုကျနော်တို့လည်း ပြည်နယ်မှာသွားရှင်းဖို့အတွက် လုပ်နေပါတယ်။ နောက်တခုက အဲဒီကားပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေလည်း ကျနေ်ာတို့ မယူတော့ဘူး။ ကျနော်တို့ အဲဒီပစ္စည်းကို သွားပို့ရင်းတန်းလန်း နဲ့ သူတို့တားဆီးတဲ့အတွက် အဲဒီပစ္စည်းပါ တခါတည်းကားထဲမှာ ထည့်ထားမှာပါ။ ဆိုတော့ ကျနော်တို့ အခုမြစ်ကြီးနားသွားဖို့လုပ်နေပါတယ်။ ကျနော်တို့ ကားတွေပဲ ကွက်ပြီးဖမ်းထားတဲ့အတွက် အဲဒါတော့ နည်းနည်းတော့ အရေးဆိုမယ်ပေါ့ဗျာ။”
ထောင်ချီတဲ့စစ်ပြေးဒုက္ခသည်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို အလှူရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဘက်က ဝိုင်းဝန်းကူညီနေကြချိန် အခုလိုကြုံတွေ့ရတဲ့အခက်အခဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဖြေရှင်းပေးဖို့ကိုလည်း ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ဦးဇော်ဂျတ်ကပြောပါတယ်။
“ကျနော်တို့တောင်းဆိုချင်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ရော၊ ပြည်နယ်အစိုးရအနေနဲ့ရော နောက်နောင်ပေါ့နော် ကျနော်တို့ဒါမျိုးတွေ ကယ်ဆယ်ရေးစခန်းတွေ ဒုက္ခသည်စခန်းတွေမှာ သွားတဲ့အချိန်မှာ အဲဒီလိုမျိုး အတားအဆီးတွေရှိတယ်ဆိုတာ ခနခန ဖြစ်ခဲ့တယ်လေ။ အခုတခေါက်လည်းဒါမျိုးဖြစ်တယ် အခုတခေါက်ကျနော်တို့တောင်းဆိုချင်တာကတော့ နောက်နောင် လွတ်လွတ်လပ်လပ်ပေါ့ ဒီဒုက္ခသည်စခန်းတွေကို ကျနော်တို့ကူညီပေးတဲ့လမ်းကြောင်းပေါ်မှာ ကျနော်တို့ လွတ်လွတ်လပ်လပ်ပေးနိုင်ဖို့အတွက် ကျနော်တို့ တောင်းဆိုချင်ပါတယ်။ ဒုက္ခသည်တွေကျတော့ သူတို့ အစားအသောက်ရိက္ခာတွေကျတော့ ဘယ် ဖူလုံမှုတော့ ရှိပါ့မလဲ အနေအထိုင်တော့ တအား ခက်ခဲမှုတွေ ရှိတယ်လို့ပြောတယ်။ သူတို့ရေ ပြတ်တာတွေရှိတယ်လေ။ Campမှာက ကျနော်တို့လိုတဲ့ပစ္စည်းတွေ ဝေယျာဝိစ္စတွေ လှူဖို့ရှိတယ်။ အဲဒီလိုမျိုး လမ်းကြောင်းအပေါ်မှာ တားဆီးတာ ခံလိုက်ရတော့ မမျှော်လင့်ပဲ ဖြစ်သွားတော့ ကမောက်ကမ ဖြစ်ကုန်ကျတာပေါ့။”
လတ်တလောအခြေအနေမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် မိုးကောင်း နမ္မတီး က ကဆုန့်မှာ အနည်းငယ် စစ်အေးသွားပြီဖြစ်ပေမဲ့လို့ ရွာသားတွေကတော့ ဖမ်းဆီးမှုတွေရှိခဲ့တဲ့အတွက် နေရပ်ရင်းကို မပြန်ရဲကြသေးတဲ့အနေအထားဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဘက်က ပြန်လည်ပို့ဆောင်ပေးဖို့စီစဉ်နေပေမဲ့ ကချင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြား ဒေသတွင်း လုံခြုံရေးစိုးရိမ်နေကြရဆဲအနေအထားအပေါ် စစ်ရှောင်ရွာသားတွေဘက်က တာဝန်ရှိသူတွေအနေနဲ့ ဒေသခံတွေအတွက် ခိုင်မာတဲ့အာမခံချက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5