ကချင်ဒုက္ခသည်တွေနေရပ်ပြန်ရေး စိန်ခေါ်မှုတွေရှိနေဆဲ

ကချင်ဒုက္ခသည်များ

(Zawgyi / Unicode)

တိုက်ပွဲတွေ စဲလာနေတဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဂျပန်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးလာနေပေမယ့် တကယ်တမ်းသူတို့ နေရပ်ပြန်နိုင်ဖို့ အတွက်တော့ စိန်ခေါ်မှုတွေက အများအပြား ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါ့အပြင် ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စကို အစိုးရက ရေရှည်စီမံကိန်းချ စနစ်တကျ အကောင်အထည် ဖော်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သန်းကို အခု ၂၀၂၀ ပထမ ၆လပတ်အတွင်း ကူညီပေးသွားမယ်လို့ ဂျပန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းတွေနည်းတူ ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေးကိစ္စမှာ ဂျပန်ကလည်းပူးပေါင်း ပါဝင်လာတာပါ။ ဂျပန်အစိုးရနဲ့ Nippon Foundation ပူးတွဲထောက်ပံ့မယ့် ဒီဒေါ်လာ ၅သန်းအထောက်အပံ့မှာ အိမ်ခြေ ၅၀၀နဲ့ အိမ်သာ အပါအဝင် သူတို့ဝင်ငွေတိုးတက်ဖို့ စိုက်ပျိုးရေးသင်တန်းပေးဖို့လည်း ပါ,ပါတယ်။

အခုလို အကူအညီတွေ ပေးလာနေပေမယ့် တကယ်တမ်းသူတို့ နေရပ်ပြန်နိုင်ဖို့ အတွက်တော့ စိန်ခေါ်မှုတွေက အများအပြား ရှိနေ သလို ၊ ရေရှည်စီမံကိန်းတွေ လည်း လိုအပ်နေတေယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ ရန်ပုံငွေပမာဏဟာ ဒီအတိုင်းပဲကြည့်ရင် များတယ်လို့ ယူဆရပေမယ့် တကယ်တမ်း အကောင်အထည်ဖော်မယ်လို့ ပြောတဲ့အခါမှာ ရွာတရွာကို ပြန်ပြီးတည်ထောင်တဲ့အချိန်မှာတောင် တော်တော်လေးခက်ပါတယ်။ ဥပမာ- နေအိမ်ကို ပြန်ပြင်ဖို့ တအိမ်ကို အနည်းဆုံး ဆယ်သိန်းလောက် ရှိတယ်ဆိုရင်တော့ ပြန်ပြင်လို့ရကောင်း ရနိုင်တယ်ပေါ့။ အနည်းဆုံးကတော့ တရာသီစားသောက်ဖို့ အစားအသောက်ကလည်း လိုပါသေးတယ်။ ဘာမှစားဖို့မရှိရင်လည်း ဒုက္ခရောက်ဦးမှာဖြစ်တယ်။ ပညာရေး၊ ကျန်းမာရေး အားလုံးကို အစကနေ တည်ထောင်ယူရမယ့် သဘာမှာရှိတယ်။ အရင်က ဆေးပေးခန်းတွေလည်းမရှိတော့ဘူး။ စာသင်ကျောင်းဆိုတာလည်း သုံးလို့မရတာက များတဲ့အခါကျတော့ ပြန်လည်ထူထောင်ရေးတို့၊ နေရပ်ပြန်ရေးတို့ဟာ စိန်ခေါ်ချက် အကြီးကြီးဖြစ်နေသေးတယ်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရခိုင်၊ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ဖို့ National Strategy for the Closure of IDP Camps ဆိုတဲ့ စီမံကိန်းရေးဆွဲထား တာပါ။ ဒါပေမဲ့ မြေပြင်အခြေအနေမှာ အစိုးရက ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေး ဘူးလို့ လည်း ဒေါ်ခွန်ဂျာ က ပြောပါတယ်။

“ နံပတ် (၁)က အဲဒီရန်ပုံငွေကို ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေမလဲဆိုတဲ့ channel ပေါ့။ အခုအချိန်မှာ ဒုက္ခသည်များအတွက် အမြဲတမ်း တစိုက်မတ်မတ်လုပ်လာတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးမှ သူတို့ကနေတဆင့် ပေးပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်တာဆိုရင် ပိုအဆင်ပြေတယ်ပေါ့။ ဥပမာ အစိုးရ channel ကနေ အစိုးရအကောင်အထည် ဖော်မယ့်ဟာဆိုရင် အဆင်မပြေဘူးလို့ ယူဆတယ်။”

ဂျပန်အစိုးရ အကူအညီပေးရေးအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးဖော်ရမ်ခါးလီက အခြေနေ ၃ ခုပေါ် မူတည်ပြီး အကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ သူတို့နေရပ်ပြန်ရေး လုံခြုံစွာနဲ့ ပြန်နိုင်ဖို့အတွက် ကျနော်ကနေ သူတို့ကို ဦးစီးဦးဆောင်ပြီးတော့ ပြန်တဲ့ဟာမျိုးလောက်တော့ အခုအချိန်မှာ အသင့်တော်ဆုံးလို့ မြင်ပါတယ်။ ဒါမှမဟုတ်ရင် နှစ်လည်းကြာလာတဲ့အခါ သူတို့ဟာသူတို့ ဆုံးဖြတ်ပြီးတော့ ပြန်တဲ့ဟာ အင်မတန်မှ အန္တရာယ် များပါတယ်။ ကျနော်တို့ criteria သတ်မှတ်ချက် ၃ခုအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အခု ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။”

စစ်မဖြစ်ဘဲ ထွက်ပြေးခဲ့တဲ့ရွာ၊ အစိုးရ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းက အုပ်ချုပ်ထားတဲ့ရွာနဲ့ အိမ်ခြေအနည်းဆုံး ၅၀%လောက်ကျန်နေသေးတဲ့ရွာ စတဲ့ အခြေအနေ ၃ခုနဲ့ ကိုက်ညီတဲ့သူတွေ နေရပ်ပြန်နိုင်ဖို့ အစိုးရနဲ့ KBC က ညှိနှိုင်းနေတာပါ။

အငြင်းပွားဖွယ် မြေလွတ်မြေရိုင်းဥပဒေနဲ့ မြေမြှုပ်မိုင်း ဒါတွေကိုလည်း စစ်ရှောင်ဒုက္ခသည်တွေက စိုးရိမ်နေတာပါ။ တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ၁၀၀,၀၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ရပါတယ်။

ကချင်စစ်ရှောင်ကိစ္စကို အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုယ်စားလှယ်တွေနဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့ သုံးကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လာမယ့် ဖေဖော်ဝါရီထဲမှာ ထပ်တွေ့သွားဖို့ရှိပါတယ်။

Your browser doesn’t support HTML5

ကချင်ဒုက္ခသည်တွေနေရပ်ပြန်ရေး စိန်ခေါ်မှုတွေရှိနေဆဲ


.............


(Unicode)











