လေကြောင်း တိုက်ခိုက်မှုကြောင့် (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ ဗုံးကြဲခံရလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ဆယ်ဂဏန်းလောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီးမော့ဆို အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ ရက်ရှည် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြပါမယ်။
မေလ ၂၄ ရက် မနေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ရွာသူရွာသားနဲ့ စစ်ရှောင်နေတဲ့ ပဆေးလာကျေးရွာအနီးအနားမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။
“မနေ့ကဆိုရင်တော့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲသွားတယ်။ လာကြဲပြီးတော့ သိပ်မကြာခင်မှာပဲ လက်နက်ကြီးတွေ ဆက်ပြီးတော့ ထုသွားတာမျိုး ရှိတယ်ဗျ ဟုတ်။ မနေ့ညကတော့ အဲ့လိုပေါ့နော် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရော၊ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရော ဆယ်ဂဏန်းလောက်ကတော့ ထိခိုက် ဒဏ်ရာရတယ်ဗျ ဟုတ်။ နောက်ပြီးတော့ ဟိုဟာပေါ့နော် ၆ ဦး၊ ဆုံးသွားတာကတော့ အမျိုးသား ၅ဦးနဲ့ အမျိုးသမီး ၁ဦးဗျ ဟုတ်။”
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲမဖြစ်ပွားတာ ရက်အတော်ကြာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် မနေ့က စစ်လေယာဉ် ၅ စင်းလာပြီး ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ပြောပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီက အထိနာတာကြောင့် အနောက်ဘက်ခြမ်းက စစ်ရှောင်နဲ့ ရွာခံတွေနေတဲ့နေရာမှာ တမင်တိုက်ခိုက်ပုံရတယ်လို့ ဒေသခံတွေက ယူဆနေတာပါ။
“မနေ့က အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်သေးတယ်ဗျ ဟုတ်။ တိုက်ပွဲဖြစ်တာတော့ ရက်တော်တော်ကြာပြီပေါ့နော်။ ဒါပေမယ့် မနေ့ညအထိ ဖြစ်သေးတယ်ဗျ ဟုတ်။ အရှေ့ဘက်ခြမ်းမှာ သူတို့တော်တော်အထိနာသွားတဲ့ သဘောရှိတယ်ဗျ ဟုတ်။ အထိနာသွားတဲ့အခါကျတော့ ဒီစစ်ရှောင်တွေ နေတဲ့နေရာတွေ နောက်သူတို့ (ကာကွယ်ရေး)စခန်းနဲ့ အဲ့လိုမျိုး သူတို့က မှားသွားတာမျိုးလား၊ ဒါမှမဟုတ် အရှေ့ဘက်ခြမ်းက အထိနာသွားလို့ ဒီဘက်ကို မဲပြီးတော့ ပြန်ပြီးတော့ အရှေ့ကကြဲသလိုမျိုး ဗုံးကြဲတာလာတော့ မသိဘူးဗျ ဟုတ်။”
အရပ်သားနေထိုင်တဲ့ နေရာကို ဘာကြောင့် အခုလို တိုက်ခိုက်နေသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ အလားတူပဲ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က ရှမ်း-ကယားနယ်စပ် မိုးဗြဲ လွယ်ဝိုင်းစစ်ရှောင်စခန်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်လို့ နေအိမ်တချို့နဲ့ စစ်ရှောင် ၂ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်မှာတော့ ရက်ရှည် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲနဲ့မဆိုင်တဲ့ ကျေးရွာဘက်ကို လက်နက်ကြီးအပါအဝင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“လက်နက်ကြီးတွေရော၊ လေကြောင်းတိုက်ခိုက်မှုတွေရော ပြုလုပ်လာတယ်ပေါ့နော်။ စာသင်ကျောင်းတွေ ပစ်မှတ်ထားတာတွေ၊ ဆေးပေးခန်းတွေ ပစ်မှတ်ထားတာတွေက ဒါ စစ်ကောင်စီကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲပေါ့နော်။ ဆိုတော့ ဒါတွေကလည်း စစ်ရာဇဝတ်မှုတွေပဲ လုပ်နေတာပေါ့နော်။ စစ်ရာဇဝတ်တွေကို ဒါ စစ်ကောင်စီက ကျူးလွန်နေတာပဲ ဖြစ်တယ်ပေါ့နော် ဟုတ်။”
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ တနီးလာလဲ ကျေးရွာတောင်ကုန်းပေါ်ကနေ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား မေလ ၁၄ ရက်ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က မနေ့ မေလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းတွေက ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း လွိုင်ကော်၊ ငွေတောင်နဲ့ ဖရူဆိုမြို့နယ်က စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းကနေတဆင့် နေ့စဉ် လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုပြီး ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာနဲ့ စုစုပေါင်း အကြိမ်ရေ ၆၀ ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲအတွင်းမှာ နှစ်ဘက် အထိအခိုက်တွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦးနဲ့ ဗိုလ်အဆင့်ရှိသူ (၂)ဦး အပါအဝင် တပ်ဖွဲ့ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကရင်နီ ပူးပေါင်းတပ်တွေဖက်ကတော့ ၈ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းမီးကျောက်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း အမြောက်အများ သိမ်းစည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေါစဲ၊ ဒေါတငူး နဲ့ တနီးလာလဲ ကျေးရွာတွေဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး မတ် ၂၄ ရက် မနေ့ကအထိ တနီးလာလဲ ကျေးရွာအရှေ့ဖက် တောင်ပေါ်မှာ ဆက်ပြီး တိုက်ပွဲဖြစ်ပွားနေတာမို့ အရပ်သားပြည်သူတွေအနေနဲ့ အဲ့ဒီနေရာတဝိုက်မှာ တတ်နိုင်သမျှ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ KNDF က သတိပေး တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5