KIA ဖမ်းသွားတဲ့ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရတဲ့ပေါ် တရားမ ျှတမှုတောင်းဆို

KIA ကချင်လွတ်လပ်ရေးအဖွဲ့ဝင်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)

[Zawgyi/Unicode]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဝင်တချို့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ နောက်ပိုင်းမှာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် တရားမျှတမှုရရေး တောင်းဆိုနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ပေးထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းရွာမှာ ဒီလ ၆ ရက်နေ့က KIO အဖွဲ့ရဲ့ ဒေသခံအရာရှိ တယောက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပါဟုတ်ကျေးရွာက ကျောင်းသား လူငယ် နှစ် ဦး သတ်ဖြတ်ခံခဲ့ရတာပါ။

မုံရွာတက္ကသိုလ်မှာ အဝေးသင် အင်္ဂလိပ်စာ ပထမနှစ်တက်ရောက်နေတဲ့ မောင်သန့်ဇင်အောင်နဲ့ ၉ တန်းကျောင်းသားမောင်ဇော်မျိုးဦး တို့ဟာ တခြားသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလုပ်ဖို့ ပါဟုတ်ရွာကနေ ဆယ်ဇင်းရွာကို သွားရောက်စဉ် အရပ်ဝတ် အဝတ်အစား ဝတ်ဆင်ထားတဲ့ KIA မြို့နယ်မှူးနဲ့ ခိုက်ရန်ဖြစ်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ စာပေနဲ့ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ မုံရွာရဲ့ ဒုတိယဥက္ကဋ္ဌ ဆေခမ်းဖက VOA ကို ပြောပါတယ်။

ခိုက်ရန်ဖြစ်ခဲ့တဲ့နောက် သူတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားခဲ့တာလို့လည်း ဆေခမ်းဖက ဆက်ပြောပါတယ်။

SEE ALSO: သီပေါဘက်တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးရ

“ဆွဲလားရမ်းလားနဲ့ ဖြစ်နေတဲ့ အချိန်အတွင်းမှာပဲ ကျောင်းသား နှစ် ယောက်ကလည်း သူတို့ကို ဒီလို ထိုးရပါ့မလားဆိုပြီး ခုခံတဲ့အချိန်မှာ ကားပေါ်ပါလာတဲ့ သူ့ရဲ့အဖွဲ့နဲ့ တစ်ခါတည်း ဝိုင်းဖမ်းပြီး ခေါ်သွားတယ်လို့ ကျနော်တို့ သတင်းကြားရပါတယ်။ ၉ ရက်၊ ၁၀ ရက်လောက်မှာကျတော့ သူတို့က သတင်းအစအနလုံး၀ ပျောက်သွားတယ်ခင်ဗျ။ ဒီကြားတည်းမှာတော့ သိန်း ၁၀၀ နဲ့ ကလေးကို ပြန်ရွေးရင် ကလေးကို ပြန်ပေးမယ်၊ ဘာညာကြားလို့ မိဘတွေကလည်း ပိုက်ဆံနဲ့ ရွေးနိုင်အောင် ကြိုးစားကြတယ်ပေါ့ခင်ဗျာ။ ၂၂၊ ၂၃ မှာကျတော့ ဒီကလေး နှစ်ယောက်က ဆုံးသွားပြီဆိုပြီးမှ ဆယ်ဇင်းမှာရှိတဲ့ တရားဟောဆရာ၊ ဓမ္မဆရာကနေ တဆင့် သူတို့ မိဘတွေကို ဆက်သွယ်လာတယ်လို့ ကျနော်တို့ သတင်းရပါတယ်။”

သေဆုံးသွားတဲ့ ကျောင်းသား နှစ် ဦးဟာ စစ်ကိုင်းတိုင်အထက်ပိုင်းမှာ နေထိုင်တဲ့ ရှမ်းနီလူမျိုးတွေဖြစ်ပြီး သူတို့သေဆုံးတာနဲ့ ပတ်သက်လို့ ရှမ်းနီ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြစ်မှုကျူးလွန်သူကို အရေးယူဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းရဲ့ တောင်းဆိုချက်ကို ဆေခမ်းဖက အခုလို ဆက်ပြောပါတယ်။

“ခု ဆုံးသွားတဲ့အခါကျတော့ ကလေးမိဘတွေရဲ့ဆန္ဒအရသော်လည်းကောင်း၊ ကျနော်တို့ ရှမ်းတိုင်းရင်းသားရိုးရာ ဗုဒ္ဓဘာသာ ထုံးတမ်းအရသော်လည်းကောင်း၊ Dead Body ကို ပြန်ပေးပါဆိုပြီး ကျနော်တို့ပထမဆုံး တောင်းဆိုထားပါတယ်။ ထပ်ပြီးတောင်းဆိုထားတာက KIA ရဲ့ ဒီပြုမူဆောင်ရွက်ချက်အပေါ်မှာ နောက်နောင် ဒီလို မလုပ်အောင် ထိန်းကြောင်းပေးဖို့နဲ့ ဒီဖြစ်သွားတဲ့ကိစ္စအပေါ်မှာ မှန်မှန်ကန်ကန် စစ်ဆေးအရေးယူပေးနိုင်ဖို့ ၊ နောက် တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှမှုရရှိဖို့ အတွက် ဝိုင်းဝန်းတိုက်တွန်းပေးကြဖို့ တောင်းဆိုထားပါတယ်။”

ဝိုင်းဝန်းတိုက်တွန်းဖို့ တောင်းဆိုထားတဲ့အဖွဲ့တွေမှာ အစိုးရ၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တိုင်းရင်းသားနိုင်ငံအဖွဲ့တွေ ပါဝင်သလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေကိုလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIO ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

SEE ALSO: ပြည်တွင်းစစ်နဲ့ ကလေးစစ်သား

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့ KIA အရာရှိနဲ့ လူငယ် ၄ယောက် ရန်ဖြစ်ပြီး လူငယ် နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်တာ မှန်ကန်ကြောင်းနဲ့ နောက်ပိုင်းမှာ သူတို့ကို စစ်ဆေးစဉ် သေဆုံးတယ်လို့ ကြားသိရကြောင်း အတည်ပြုပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ နှစ်ဘက်စေ့စပ်ဆွေးနွေးရာမှာ ကျေအေးသွားပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

“အခု အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ KIA ဗဟိုကလည်း ထိရောက်စွာ အရေးယူဖို့ ကော်မရှင်ဖွင့်ပြီးတော့မှ သူတို့ စိစစ်ခိုင်းတယ်။ စိစစ်တဲ့အခါမှာ သူတို့ အဲဒီမှာ စစ်ဆေးပြီးမှ ရိုက်ပုတ်ပြီးမှ လက်လွန်ပြီးတော့ ဆုံးပါးသွားပြီ ဆိုတာ သေချာတာပေါ့။ အဲဒါကြောင့်မို့ ဒီနေ့ သူတို့ အဲဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ သူတို့ မိဘတွေအားလုံးနဲ့ KIO အဖွဲ့တွေနဲ့ လူမှုရေးအရ ညှိနှိုင်းဖြေရှင်းကြတယ်။ ဒီနေ့တော့ အားလုံးပြေလည်သွားပြီလို့တော့ သိရတယ်ဗျ။ ဆိုင်းတောင်မှာလို့ ပြောတယ်ဗျ။ ဆိုင်းတောင်၊ ဖားကန့်မှာ။ ကျေအေးသွားတာက ၄ နာရီ ၁၀မိနစ်လောက်မှာပဲ။”

KIO က သေဆုံးသွားတဲ့ ကျောင်းသား နှစ် ဦးအတွက် ဘာသာရေး အခမ်းအနားဆောင်ရွက်ဖို့ တစ်ယောက်ကို ငွေ သိန်း ၂၀၀ စီ ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ လူမျိုးစု ၂ခုအကြားမှာ ပဋိပက္ခတွေဖြစ်ပွားမှာကို စိုးရိမ်နေကြသလို ရှမ်း နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီကိစ္စအပေါ် အလေးထား ထောက်ပြဝေဖန်ထားပါတယ်။

Your browser doesn’t support HTML5

KIA ဖမ်းသွားတဲ့ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရတဲ့ပေါ် တရားမ ျှတမှုတောင်းဆို

[Unicode Version]





SEE ALSO: ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို










SEE ALSO: ကချင်နဲ့ ရှမ်းမြောက်က စစ်ရှောင်တွေရဲ့ ကိုဗစ်ကာလအခက်အခဲ ကူညီဖြေရှင်းဖို့တောင်းဆို


