ဖားကန့်လုံခြုံရေးတပ်စခန်း ၂ ခုလုံး KIA သိမ်းယူ

ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းယူလိုက်တဲ့ ဖားကန့်ဒေသရှိ လမောင်ကုန်းတပ်စခန်းနဲ့တောမှော်စခန်းကို မြင်တွေ့ရစဉ်

ကချင်ပြည်နယ် ကျောက်စိမ်းမြေ ဖားကန့်မြို့ကို ကချင် KIA က ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း မြို့ကိုကာကွယ်ပေးထားတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီလို့ KIA က ဗွီအိုအေကိုပြောပါတယ်။ တချိန်တည်းမှာပဲ KIA ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့ အနီးတဝိုက် စစ်လေယာဥ်တွေ ချဥ်းကပ်ပျံသန်းခဲ့ပုံရပြီး တရုတ်နိုင်ငံဘက်က လေကြောင်းသတိပေးအချက်ပြမီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကချင်ပြည်နယ်က နောက်ဆုံးရ အခြေအနေကို တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကုန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူနိုင်လိုက်ပါပြီ။ ဒီတပ်စခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းထဲက တိုက်ခိုက်ပြီး ကြာသပတေးနေ့ မနက်ပိုင်းမှာ စခန်းတခုနဲ့ ညနေပိုင်းမှာ စခန်းတခုကို သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို အတည်ပြု ပြောပါတယ်။

“ မနက်ပိုင်း ၉ နာရီခွဲအချိန်လောက်မှာတော့ ဟို လမောင်ကောင့်ကုန်း တပ်စခန်းကို သိမ်းတယ်။ ၄ နာရီခွဲအချိန်မှာကတော့ တောမှော်စခန်းကို ပြန်သိမ်းတာ။ သိမ်းတဲ့အချိန်မှာကတော့ ဂျက်ဖိုက်တာတွေနဲ့ လာပစ်တာကတော့ ရှိတယ်။ တုံ့ပြန်တာကတော့ ရှိပါတယ်။ ဒီနေ့ ဒီအချိန်ထိကတော့ နောက်ဆက်တွဲ သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ။”

လမောင်ကုန်းတပ်စခန်းဟာ ဖားကန့်ဒေသက အမြင့်ဆုံးတောင်ကုန်းမှာတည်ရှိပြီး ဖားကန့်အနောက်ဖက် ၅မိုင်လောက်အကွာမှာရှိသလို တောမှော်စခန်းကတော့ ဖားကန့်အနောက်မြောက်ဘက် ၁၀ မိုင်လောက် အကွာမှာ တည်ရှိတာပါ။ ဒီစခန်း ၂ခုလုံးဟာ ဖားကန့်မြို့အခြေစိုက်စစ်ဗျူဟာကုန်း၊လုံးခင်းနဲ့ ကံဆီးက စစ်ကောင်စီတပ်စခန်းတွေရဲ့ ကာကင်းကုန်းတွေဖြစ်ပြီး လုံခြုံရေးအရ အရေးပါတဲ့တပ်စခန်းတွေဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ လမောင်စခန်းကုန်းကို သိမ်းယူစဉ် စစ်ကောင်စီတပ်က သုံ့ပန်း ၁၀ ယောက်ခန့်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒီသတင်းအပေါ်မှာတော့ ဗိုလ်မှူးကြီးနော်ဘူကက အခုလို ပြောဆိုပါတယ်။

“ ကျနော်တို့ကတော့ အဲဒီသတင်းမသုံးလို့ သူတို့လည်း သတင်းမပေးတာနေမှာပါ။ ဟို ဆိုရှယ်မီဒီယာ လောက်မှာတော့ စစ်သုံ့ပန်းတွေ ရမိတယ်။ ဘာညာတွေလည်း တက်တော့ တက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အတည်ပြု ပြောလို့ မရဘူးခင်ဗျ။”

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ ဝင်ရောက်သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ် မံစီမြို့နယ်က ဟန်ထက်စစ်တပ်စခန်း

KIA နဲ့ ပူးပေါင်းတပ်တွေက ဖားကန့်ဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ကြာသပတေးနေ့ ညနေ ၃ နာရီခွဲလောက်မှာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ကချင်သတင်းဌာနအချို့က ဖော်ပြတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ လိုင်ဇာဒေသကို လေကြောင်းတိုက်ခိုက်တာ မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်လေယာဉ်တွေ တရုတ်နယ်စပ်နားအထိ ပျံသန်းခဲ့ပုံရတာကြောင့် တရုတ်နိုင်ငံ ဘက်က အချက်ပေး ပစ်ခတ်ခဲ့မှုတွေရှိခဲ့တယ်လို့ အခုလို ပြောဆိုပါတယ်။

“ လိုင်ဇာဘက်မှာ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ မရှိဘူးခင်ဗျ။ မနေ့က ညနေပိုင်းပေါ့ ၃နာရီ ခွဲ၊ ၄ နာရီ ဝန်းကျင် လောက်မှာ တရုတ်ပြည်ဘက်မှာပေါ့နော်၊ တရုတ် နယ်စပ်တကြောလုံးမှာ သူတို့ရဲ့ လုံခြုံရေးလေယာဉ်တွေလို့ ပြောလို့ ရမှာပေါ့။ အဲဒါတွေ ဝဲတာတော့ရှိပါတယ်။ နောက် သတိပေးတဲ့ ပစ်ခတ်မှု ရှိပါတယ်။ ကျနော်တို့ ထင်တာကတော့ စကစ ဘက်ကနေ ဒီလေယာဉ်တွေလည်း လိုင်ဇာအနီးနားမှာများ ဖြတ်သွားတာလား ပေါ့နော်။ ကျနော်တို့ကတော့ အသံတော့ မကြားဘူး။ နောက်လေယာဉ်လည်း မတွေ့ပါဘူး။ အဲဒီအချိန်မှာ တရုတ်ပြည်ဘက်ကတော့ အဲဒီနယ်စပ် သူတို့ တကြောလုံးမှာတော့ လုံခြုံရေးအနေနဲ့ တုံ့ပြန်တာတော့ ရှိပါတယ်။ ”

ပြီးခဲ့တဲ့ ၈ရက်နေ့ကတော့ လိုင်ဇာအနီးတဝိုက်နဲ့ KIA ထိန်းချုပ်ထားရာ မိုးမောက်မြို့နယ်အတွင်း နေရာ ၄နေရာလောက်မှာ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ မိုးမောက်မြို့ အခြေစိုက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီက စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေပြီး လက်နက်ကြီး ပစ်ကူနဲ့အတူ လေကြောင်းကနေလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေပါတယ်။ မိုးမောက်မြို့ တိုက်ပွဲကတော့ အခုဆိုရင် ရက်ပေါင်း ၂၀ကျော်ရှိနေပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို TNLAနဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေသလို စစ်ကောင်စီက လေကြောင်းက ပြန်လှန် တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ဒီကနေ့မနက် ၁ နာရီအချိန်လောက်မှာတော့ TNLA ထိန်းချုပ်ထားရာ နမ့်ဆန်မြို့ကို ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာရှိခဲ့ကြောင်း အထိအခိုက်မရှိကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က နမ့်ဆန်မြို့ကို လေကြောင်းက ၃ကြိမ်တိုက်ခိုက်ခဲ့ရာမှာတော့ လူတဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိပါဘူး။

Your browser doesn’t support HTML5

ဖားကန့်လုံခြုံရေးတပ်စခန်း ၂ ခုလုံး KIA သိမ်းယူ