တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်ခဲ့တာ နှစ်လလောက်ရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိ ကျေးရွာအများစုက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားပြီး တွေ့တဲ့လူတွေကို ဖမ်းဆီးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်တဲ့ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ မယ်တယို၊ ကလှဇိုင်းတဲ့ စတဲ့ ကျေးရွာပေါင်း၂၀ ထက်မနည်းက သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်တိမ်းရှောင်နေရတာ အခုဆိုရင် ၂လလောက်ရှိနေပါပြီး။ စစ်ရှောင်အတော်များများဟာ အချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ မကြာသေးခင်က မယ်တယို ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တဦးက သူတို့ထွက်ပြေးခဲ့ရတဲ့ အခြေအနေကို ခုလို ပြောပါတယ်။
“ဆရာတော်တို့ ဘေးလွတ်ရာကို ထွက်ပြေးတာ တော်တော်ကြာမှ ကျမတို့ ထွက်ပြေးလာတာ။ ဒီကို ရောက်လာတာ ၁၀ ရက်ကျော်ပဲရှိသေးတယ်။ ဟိုတလောက ရွာမှာပဲ တောင့်ခံပြီး နေနေတယ်။ သေနတ်သံကြားရင် ပုန်းရှောင်ပြီး အဲ့လိုပဲနေလာခဲ့တယ်” - လို့ မွန်ဘာသာနဲ့ ပြောသွားတာပါ။
ရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ အထိုင်ချ လှုပ်ရှားနေပြီး တွေ့တဲ့လူကို ဖမ်းဆီးမေးမြန်းနေတာမို့ ကြောက်လန့်ပြီး ထွက်ပြေးလာတာလို့ မယ်တယို ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်က သူကြုံတွေ့ခဲ့တာကို ခုလို ပြောပါတယ်။
“စစ်တပ်နဲ့ ရွာမှာတွေ့လို့ ထွက်ပြေးလာတယ်။ စစ်တပ်တွေဝင်လာပြီးတော့ ကျမတို့ ဖမ်းခံရတယ်။ သူတို့ ဘာညာ မေးမြန်းတော့ ကြောက်လို့ ထွက်ပြေးလာတာ။ ကျမတို့ အိမ်မှာပုန်းနေတဲ့အချိန် သူတို့တွေ့ပြီး အိမ်ကနေ ခေါ်ထုတ်လိုက်တယ်။ ကိုယ့်အိမ်မှာ မပေးနေဘဲ တခြား ကိုယ်နဲ့ ၅ အိမ်အကွာမှာ နေခိုင်းတာ သူများအိမ်မှာနေခိုင်းတယ်။ သူ့တို့ ခေါ်ထုတ်ပြီးတော့ သူများအိမ်မှာနေနေတယ် တစ်နာရီလောက်ကြာတော့ ကျမတို့ကို အိမ်ပြန်ခိုင်းတယ်။ အိမ်မှာတော့ ဖောက်ခံလိုက်ရပြီး တချို့ပစ္စည်းတွေ သူတို့ယူသွားတယ်။ အဲ့ဒါပြီးတော့ ကျမတို့ အိမ်မှာ တစ်ညအိပ်လိုက်တယ် မနက်မိုးလင်းတော့ ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့တယ်” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာပါ။
စစ်ပြေးဒုက္ခသည်အများစုက လက်ရှိ မုဒုံမြို့နယ် မော်လမြိုင်မြို့နယ်ဖက်မှာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနီးစပ်ရာမှာ ခိုလှုံနေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့လောက်က စတင်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောနဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွ တံတားအနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ KNLA ပါဝင်တဲ့ နွေဦးတော်လှန်ရေး ပူးပေါင်းစုတွေက ချောင်းနှစ်ခွတံတားကို သိမ်းယူနိုင်ခဲ့ပြီး ချောင်းနှစ်ခွတဝိုက်မှာ တပ်ပေါင်းစုတွေက လှုပ်ရှားနေတာပါ။ အဲ့ဒီနောက်ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်မှာ တပ်ပေါင်းစုတွေ ဆုတ်ခွာသွားချိန် စစ်တပ်က ဝင်ရောက် တပ်စွဲအထိုင်ချလိုက်တယ်လို့ ချောင်းနှစ်ခွ ရွာခံတဦးက ခုလို ပြောပါတယ်။
“ပြန်လို့တော့ မရသေးဘူးပေါ့။ တပ်က သိမ်းထားတယ်၊ ရွာမှာ တစ်ယောက်မှ မရှိဘူးပေါ့။ တပ်က ပြန်သိမ်းလိုက်တယ်။ အရင်တုန်းကတော့ တော်လှန်ရေးက သိမ်းထားတယ်ပေါ့၊ သိမ်းထားတယ်၊ အခုတော့ တပ်က ပြန်သိမ်းသွားတာပေါ့။ ကျနော်တို့ တော်လှန်ရေးဘက်က ဆုတ်လိုက်တာပေါ့။ ဒီမှာ လုံခြုံရေးလောက်ပဲ ချထားတဲ့ အချိန်မှာ သူတို့ ပြန်ပြီးတော့ ပြန်နေရာယူသွားတယ်ပေါ့။ ချောင်းနှစ်ခွဘက်က ရွာတွေကတော့ ပြန်မနိုင်ဘူးလေ သူတို့ရှိတော့ စစ်တာဆေးတာ ရိုက်တာမေးတာ လုပ်နေတော့ ဘယ်သူမှမပြန်ရဲဘူးပေါ့။ ပြန်ဖို့တော့ မျှော်လင့်တာပေ့ါ။ ရွာမှာတော့ တော်တော်အခြေအနေ မကောင်းဘူးပေါ့။ ပျက်တဲ့အိမ်ကပျက်၊ လေယာဉ်နဲ့ အဝေးကပစ်တော့ ပျက်စီးတာတွေ တော်တော်များနေတာ ရွာပျက်သလိုတောင် ဖြစ်နေတာပေါ့။ မပျက်တဲ့နေရာမှာ မပျက်ဘူးပေါ့၊ တချို့အိမ်တွေကလည်း ဘာမှမရှိတော့ဘူးပေါ့။ ပြန်လာရင်တောင် အိမ်ဆောက်ပြီး ပြန်နေရမယ့်သဘောဖြစ်တယ်။”
ချောင်းနှစ်ခွ ကျေးရွာဘက်က နေရပ်မပြန်နိုင်ကြသေးပေမယ့် ချောင်းနှစ်ခွ ကျေးရွာနဲ့ဝေးတဲ့ လှကဇိုင်း ရွာကတော့ နေရပ်ပြန်လာကြတာ ၆ရက်လောက်ရှိပြီးလို့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်ရောက် တပ်စွဲမှာကို စိုးရိမ်တာမို့ နေရပ်ပြန်လာကြတာလို့ ဆိုပါတယ်။
“ငြိမ်တော့ ငြိမ်နေပါပြီ။ ညက လက်နက်ကြီးအသံတော့ ကြားပါတယ်။ တချက်ပဲပေါ့နော်၊ အခု သမီးတို့ရွာက ပြန်နေကြကုန်ပြီ အကုန်လုံး။ တချို့အိမ်က ပျက်စီးတာပေါ့၊ တချို့အိမ်ကျတော့ အမိုးတွေ ဘာတွေတော့ ပေါက်တာပေါ့နော်။ (တိုက်ပွဲ)အချိန်မရွေးထပ်ဖြစ်နိုင်ချေတော့ ရှိတယ်။ စစ်တပ်တွေက ရွာထဲဝင်မှာစိုးလို့ စိတ်ပူတဲ့စိတ်နဲ့ ကြွကြွ ကြွကြွနဲ့ဘဲ ပြန်နေကြတာပဲရှိတယ်။ လက်နက်ကြီးသံတွေတော့ ကြားနေသေးတယ်ပေါ့နော်။ သူတို့ဘာသာ သူတို့ဖောက်တာလာတော့ မသိဘူး၊ ဒီချောင်းနှစ်ခွဘက်ခြမ်းတို့ဘက် ကြားတယ်။”
တိုက်ပွဲကြောင့် လက်ရှိ တနိုင်ငံလုံး အတိုင်းအတာနဲ့ နေရပ်စွန့်ခွာရသူ အရေအတွက်က ၂ ဒသမ ၆ သန်းရှိလာပြီဖြစ်ပြီး အဲ့ဒီထဲမှာ ကရင်ပြည်နယ် အပါအဝင် ဒေသ ၇ ခုမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ် နေရပ်စွန့်ခွာရသူက ၆သိန်း ၆သောင်းကျော် တိုးမြင့် လာနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5