ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွှေလှိုင်ကျေးရွာမှာ ဒီကနေ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး၊ တဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို တပ်မတော်ဘက်က အတည်ပြုပြီး မသင်္ကာဖွယ်ရာ သံသယရှိသူတွေကို ပစ်ခတ်လိုက်တာလို့ ပြောပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၅ရက် မနက် ၆နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွှေလှိုင်ကျေးရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် စစ်အောင်ရွာသား ဦးကုလားမောင်သေဆုံးသွားပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွှေလှိုင်ကျေးရွာက မောင်နေဆန်းဝင်းဆိုသူလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ ပစ်ခတ်ခံရသူတွေဟာ အရပ်သားမဟုတ်ဘူးလို့ ဆိုပါတယ်။
“အဲဒါ အရပ်သားမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ မောင်းပြေးတဲ့ကောင်က လက်ပစ်ဗုံးပါတာ။ တားတယ်၊ မေးတယ်၊ ပြေးတယ်။ပြေးတော့ပစ်တယ်ပေါ့။ သူပုန်ကတော့ သူပုန်လိုလုပ်မှာပဲ။ အကြမ်းဖက်တွေကတော့။”
သူတို့နှစ်ဦးကို စစ်တပ်က ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ မိသားစုဝင်တွေက အကြောင်းတစုံတရာ မသိရှိကြသေးပါဘူး။
ထိခိုက်ဒဏ်ရာကြောင့် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေတဲ့ မောင်နေဆန်းဝင်းဟာ စစ်တွေကိုကျောင်းသွားဖို့ ကားထုတ်နေချိန်မှာ ပစ်ခတ်ခံရတာလို့ ဦးလေးဖြစ်သူက ပြောပါတယ်။
“ကျတော်တို့ကတော့ ဘာမှမဆိုင်တဲ့၊ ဘာမှပြဿနာမရှိတဲ့ ဒီကျောင်းသားလေး ကလေးကို ဘယ်လိုဖြစ်လို့ပစ်တာလဲနော်။ ပြည်သူကို ကာကွယ်ပေးမယ့် တပ်မတော်ဆိုတဲ့ဟာ အခုက ပြည်သူကကြောက်နေရတယ်။ ကျတော်တို့ရခိုင်တွေက တပ်မတော်လာရင် ပုန်းပြီးတော့ ဟိုကိုပြေး၊ ဒီကိုပြေး ဖြစ်နေရတယ်။”
ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ မနက်၅နာရီအချိန်လောက်ဆို လူသူသွားလာနေကြပြီး အခင်းဖြစ်တဲ့မနက်ကတော့ တပ်မတော်စစ်ကြောင်းဆင်းလာတဲ့အချိန်မှာ ရွာသားနှစ်ဦး ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အခုပစ်ခတ်ခံလိုက်ရတဲ့ပုံစံက စစ်ရေးပဋိပက္ခအခြေအနေကြောင့် မဟုတ်ဘဲ နောက်ပိုင်းမှာ အဖြစ်များလာတဲ့ တဘက်သတ်ပစ်ခတ်မှု ဖြစ်စဉ်မျိုးုလို့ ပြောပါတယ်။
“ကျတော်တို့သိရသလောက်ကတော့ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဖြစ်တာတို့ ဘာတို့ကတော့ မရှိဘူး။ ဒီနေ့မနက်လည်း အခင်းဖြစ်တဲ့အခါမှာ ကျတော်တို့မေးကြည့်တဲ့အခါ တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘူး။ နောက်ပိုင်း ကျတော်တို့ ဖြစ်စဉ်တွေတော်တော်များများမှာ တွေ့ရသလောက်ပေါ့။ တဖက်ကနေပြီးတော့မှ ပစ်တာခတ်တာတွေ ဖြစ်လာတယ်ပေါ့ နောက်ပိုင်းမှာ။ အခုလည်းပဲ အဲလိုဖြစ်စဉ်မျိုးပေါ့။”
ရခိုင်ပြည်နယ်တွင်း စစ်ရေးစောင့်ကြည့်သူ ဦးဇော်ဝင်းကတော့ တပ်မတော်စစ်ကြောင်းဆင်းလာပြီဆို ဒေသခံရွာသားတွေ ပြေးလွှားရှောင်ပုန်းနေရတဲ့ အခြေအနေထိ စစ်တပ်ကိုကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
“ဗွီဒီယိုဇာတ်ကားတွေမှာ သီဟတင်စိုးတို့၊ နေထက်လင်းတို့ကားတွေမှာ ဂျပန်ငပုတွေလာပြီဟေ့ ပြေးကြ ပြေးကြဆို ရွာသားတွေ ပြေးရတယ်မလား။ ဒီဘက်မှာလည်း အဲလိုမျိုးဗျ။ ပြောရရင်လည်း အားနာနာ။ စစ်တပ်ကလာပြီဆိုရင် ဘယ်ရွာနားရောက်နေပြီ၊ ဟေ့ ငါတို့ရွာနားရောက်နေပြီ ပြေးကြဟေ့။ ရွာသားတွေက အဲလို သူတို့ကို ကြောက်လန့်နေကြတာလေ။”
ကျောက်တော်မြို့နယ်မှာ တိုက်ပွဲကြောင့်မဟုတ်ဘဲ စစ်ကြောင်းနဲ့တွေ့လို့ ပစ်ခတ်ခံရတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ အခုနှစ်ထဲမှာ ၅၀ ဝန်းကျင်ရှိနေပြီလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
..............................
{unicode}
ကြောကျတောျမွို့နယျ ပဈခတျမှု ၁ ဦးသေ၊ ၁ ဦး ဒဏျရာရ
Your browser doesn’t support HTML5