သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ပညာရေးနိမ့်ကျလာမှု လွှတ်တော်တင်ဆွေးနွေး


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

စစ်ရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ပညာရေးအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျလာတဲ့ အပေါ်မှာ ပြည်ထောင်စုအစိုးရဘက်က ဘယ်လို စီမံဆောင်ရွက်နေပါသလဲလို့ ရခိုင်လွှတ်တော်အမတ်က အမျိုးသားလွှတ်တော်မှာ မေးခွန်း ထုတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း ကျောင်း ၂၀ကျော်မှာ မနှစ်က ဆယ်တန်းစာမေးပွဲမှာ တဦးမှမအောင်ခဲ့တာနဲ့၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မှာလည်း ရခိုင်ပြည်နယ်ဟာ အနိမ့်ဆုံးအဆင့် ငါးနှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုက်တာပါ။ ရခိုင်ပြည်နယ်တွင်း အခြေခံပညာရေးကျောင်းတွေ အခုလို ပညာရေးကျဆင်းလာတဲ့ အကြောင်းရင်း ဘာကြောင့်လဲ၊ ပြည်ထောင်စုအစိုးရဘက်က ဘယ်လို စီမံဆောင်ရွက်သင့်လဲ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်တွင်း လွန်ခဲ့တဲ့နှစ်တွေကစလို့ လူမျိုးရေးဘာသာရေး အသွင်ဆောင်အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး လတ်တလောမှာလည်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေဆဲ ဒေသတွင်း မတည်ငြိမ်မှုတွေ ကြောင့် ဒေသတွင်း ဖွ့ံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရတဲ့ ရခိုင်ပြည်နယ်တွင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ နေ့စဉ် လူနေမှုစီးပွားဘဝတွေ အခက်ခဲဖြစ်ရတဲ့အပြင် ဒေသခံပြည်သူတွေ အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက် ပညာရေးကဏ္ဍက ဆိုးဝါးနိမ့်ကျနေတဲ့ အနေအထားမှာဖြစ်နေတာပါ။

ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ရခိုင်ပြည်နယ်ရဲ့ ပညာရေးအခြေအနေ နိမ့်ကျနေတာ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်အနိမ့်ဆုံးအဆင့်အဖြစ် ငါးနှစ်ဆက်တိုက် ဖြစ်နေတာအပြင် ( မြောက်ဦး၊ ကျောက်တော် မြေပုံ၊ မင်းပြား ရသေ့တောင်၊ မောင်တော၊ အမ်း၊ ရမ်းဗြဲမြို့နယ်တွေက) ကျောင်း၂၀ကျော်မှာ ဆယ်တန်းအောင်ကျောင်းသား တဦးတယောက်မှ မရှိတဲ့အနေအထားဖြစ်နေရတာကို ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မထုမေက ထောက်ပြပြီး အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မေးခွန်းထုတ်ခဲ့ပါတယ်။။

“ရခိုင်ပြည်နယ်အတွင်းမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသူ၊ ကျောင်းသား တဦးမှ မအောင်မြင်ခဲ့တဲ့ကျောင်း ၂၂ ကျောင်းရှိပါတယ်။ ယခင်နှစ်ကလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်ခဲ့သူ မရှိတဲ့ကျောင်း ၂၅ ကျောင်းရှိကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်တာ အတောအတွင်းမှာ အောင်ချက်နည်းပါးတဲ့ အကြောင်းအရင်းများကို ဝန်ကြီးဌာနအနေနဲ့ ဖော်ထုတ်လေ့လာခဲ့ခြင်း ရှိမရှိနဲ့ အောင်ချက် မြင့်မားရေးအတွက် လိုအပ်တဲ့အစီအစဉ်များ အကောင်အထည်ဖော်ပေးရေးရှိမရှိ သိလိုပါသဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးထံမှတဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။”

လတ်တလောစစ်ဖြစ်နေတဲ့ နေရာတွေအပါအဝင် ရခိုင်ပြည်နယ်တွင်းက တခြားမြို့နယ်တွေမှာပါ ကျောင်းသားကျောင်းသူတွေအတွက် ပညာရေးအခြေအနေ ဆိုးဝါးနေတဲ့ အနေအထားအပေါ်မှာ သက်ဆိုင်ရာပညာရေးဝန်ကြီးရဲ့တု့ံ့ပြန်ချက်နဲ့ သူ့ရဲ့အကြံပြုချက်တွေကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပြပါတယ်။

“ဒီ ၅ နှစ်လုံးလုံးနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ မေးခွန်းမေးတဲ့အခါ တခြားပြည်နယ်နဲ့ တိုင်းများနဲ့ စာရင် ရခိုင်ပြည်နယ်ဟာ ဆရာနဲ့ ကျောင်းသားဦးရေဟာမြင့်မားနေတယ် လို့ပြောတာ ရှိပါတယ်။ သူတို့အနေနဲ့လည်း ဆရာ၊ ဆရာမများရဲ့ အရည်အသွေး တိုးတက်အောင်ဆောင်ရွက်တာ ၊ အောင်ချက်ရာခိုင်နှုန်း တိုးမြင့်အောင် ဆောင်ရွက်နေတယ်ဆိုပြီးတော့ ယေဘုယျဖြေပါတယ်။ ကျမ က ဘယ်လိုဆောင်ရွက်သလဲလို့ မေးထားတာ ရှိပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဖြေခဲ့တာ မရှိပါဘူး။ နှစ်စဉ်နှစ်တိုင်း တည်ငြိမ်အေးချမ်းစဉ်တုန်းကတောင်မှ အောင်ချက်ရာခိုင်နှုန်းနည်းပါးပါတယ်။ အခုလိုမျိုး နယ်မြေမတည်ငြိမ်မှုတွေဖြစ်တယ်။ ဒီအပေါ်မှာလည်း ရခိုင်ပြည်နယ်အစိုးရအဖဲ့ွနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အထူးသဖြင့် နယ်မြေတည်ငြိမ်မအေးချမ်းတဲ့ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုဖြစ်အောင် ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒါကို ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်နိုင်ဖို့ ကျမတိုက်တွန်းလိုပါတယ်။”

ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် နေ့စဉ်လူနေမှုဘဝ စီးပွားလုပ်ကိုင်စားသောက်ဖို့ခက်ခဲပြီး ကျောင်းသားမိဘတွေ ဆင်းရဲကြပ်တည်းလို့ ကျောင်းသားတွေကို စာသင်ခန်းထဲမပို့နိုင်တာ၊ ကျောင်းသားနဲ့ဆရာ စာသင်ကျောင်း လုံလောက်မှုမရှိတာတွေကြောင့် အခုလို ဆယ်တန်းဖြေဆိုနိုင်မှု အောင်ချက်နည်းတာ ကျောင်းပညာရေးအဆင့်အတန်းနိမ့်ပါးမှုတွေဖြစ်ရတာလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက ရှု့မြင်ပါတယ်။

“ရခိုင်မှာက စာသင်ကြောင်းတွေက ဆရာအရေအတွက်ရော အရည်အသွေးရောက မပြည့်စုံတာတွေ ရှိပါတယ်။ သင်ထောင်ကူ ပစ္စည်းပိုင်းမှာဆိုရင် အရေအသွေးမမီဘူးလေနော်။ မပြည့်စုံတာတွေ ရှိပါတယ်။ ဒုက္ခသည်တွေလည်း အများကြီး တက်လာတာရှိတယ်။ စီးပွားရေးလည်း မပြေလည်တဲ့အခါကျတော့ နယ်မှာရှိတဲ့ ကျောင်းသားတွေ တချို့တော်တော်များများက ကျူရှင်ကောင်းကောင်းမထားနိုင်တာရှိတယ်။ အသက်ငယ်သေးတဲ့ အချိန်မှာဆိုရင် မဖြစ်မနေ အောင်ရမယ် ပုံစံမျိုးနဲ့ ဒီလိုပဲ အောင်လာကြတယ်ပေါ့။ ဒါပေမယ့် အသက်ကြီးလာတယ်၊ ၉ တန်း ၁၀ တန်းလောက်ရောက်လာတဲ့အခါကျတော့ တကယ့်ကိုဖြေရတဲ့အခါကျတော့ လိုက်လို့မမီဘူးပေါ့နော်။ ဒါကြောင့် စာမေးပွဲ ကျတာတွေ အရမ်းများလာရတာဖြစ်ပါတယ်။ ပဋိပက္ခတွေကလည်း ကျနော်တို့ဆီမှာ အမြဲကြုံတယ် ဒီလိုအခြေအနေမျိုးမှာ ကလေးတွေရဲ့ စာသင်ကြားမှုမှာ ထိခိုက်မှုတွေ အများကြီးဖြစ်ပေါ်လာတာပေါ့နော်။ အခု ဒီ ပဋိပက္ခတခုတည်းမဟုတ်ပဲနဲ့ ပြီးခဲ့တဲ့ communal violence တွေမှာဆိုရင်လည်း ဒီလိုပဲ ကျောင်းတွေ ပိတ်ထားတာရှိတယ်။ ဆရာဆရာမတွေ အာဏာပိုင်တွေဘက်က အပြည့်အ၀ မဆောင်ရွက်ခဲ့တာတွေ ရှိတယ်ပေါ့။ ဒီလိုအခြေအနေတွေကြောင့် ပညာရေးမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကျနော်သုံးသပ်မိပါတယ်။”

လွန်ခဲ့တဲ့ငါးနှစ်အတွင်း ပညာရေးအဆင့်အတန်း က တနိုင်ငံလုံးအတိုင်းအတာနဲ့ နိမ့်ပါးနေခဲ့ရတာမှာ အခုပညာသင်နှစ်မှာလည်း စစ်ပွဲတွေဖြစ်နေတာကြောင့် တိုက်ပွဲကြောင့် အသက်လုထွက်ပြေးနေရတဲ့ဒေသခံတွေထဲ ကျောင်းသားလူငယ်တွေလည်း အမြောက်အမြားပါဝင်တာမို့ ဒီကျောင်းသားတွေအရေး သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရဘက်ကလည်း အလေးအနက်ထား စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့ ရခိုင်အမတ် မထုမေက အကြံပြုပါတယ်။

ဒီကနေ့မှာပဲ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မထုမေ တင်သွင်းခဲ့တဲ့ "မြန်မာ့လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းအပါအဝင် အစိုးရတက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရပ်တွေ ဆက်လက်တက်ရောက်သင်ကြားမယ့် ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးတဲ့ ပညာရေး ဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန်" ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုအပေါ် မဲပေးခွင့်ရှိသူ ၁၉၇ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦး ကန့်ကွက်မဲ ပေးခဲ့တာကြောင့် အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ တနိုင်လုံးအတိုင်းအတာနဲ့ ပညာ ဆက်လက် သင်ယူနိုင်ဖို့ငွေကြေး အခက်ခဲရှိနေကြတဲ့ ကျောင်းသားလူူငယ်တွေအတွက် အခွင့်အလမ်းဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ တင်သွင်းခဲ့သူ ရခိုင်လွှတ်တော်ကိုယ်စားလှယ် မထုမေက ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG