တောင်ကြီးရောက် လားရှိုးစစ်ရှောင်တွေ နေထိုင်ရေးအခက်ကြုံ

စစ်ကောင်စီနဲ့ တအောင်းလွတ်မြောက်ရေးတပ် TNLA ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် လားရှိုးမြို့ကနေ တောင်ကြီးမြို့ဆီ စစ်ရှောင်ဖို့လာသူများ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးနေစဉ် (ဇူလိုင် ၉၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကစစ်ရှောင်တွေ အများဆုံးသွားရောက် ခိုလှုံနေကြတဲ့ တောင်ကြီးမြို့ပေါ်မှာ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ နေရာထိုင်ခင်း မရှိသလို၊ အိမ်ငှားရမ်းဖို့အတွက်လည်း ငွေကြေးအများအပြား သုံးစွဲနေရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရောက် စစ်ရှောင်တွေရဲ့ အခက်အခဲအကြောင်း ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။

လားရှိုးမြို့အထိရောက်လာတဲ့ စစ်ရေးပဋိပက္ခကြောင့် သောင်းချီတဲ့ဒေသခံတွေဟာ ဇူလိုင်လ ၃ရက်နောက်ပိုင်းကစပြီး မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေကို အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ အများစုကတော့ တောင်ကြီးမြို့မှာ ရှိနေကြောင်း လားရှိုးဒေသခံတဦးက ပြောပါတယ်။

" အများစုက တောင်ကြီးဘက်ထွက်တာများတယ်၊ မန္တလေးဆင်းမဲ့သူကလည်း ဒီ ဗထူး၊ ရပ်စောက်ကနေ ပတ်ပြီး ပြန်သွားကြတယ်ဗျ၊ ကျောက်မဲ-နောင်ချိုမှာလည်း တိုက်ပွဲဖြစ်တော့ တချို့တွေလည်း ဒုဋ္ဌဝတီလမ်းကို မသွားရဲကြဘူးဗျ။ မသွားရဲကြတော့ တောင်ကြီး ဗထူး-ရပ်စောက်ကနေပဲ ရွာငံဘက်ကနေ မန္တလေး ပြန်ဆင်းသူရှိတယ်၊ တချို့တွေလည်း အောက်ပြည်၊ အောက်ရွာ ပြန်သွားတာရှိတယ်။ တချို့လည်း တောင်ကြီး အေးသာယာတို့၊ တောင်ကြီးမြို့ပေါ်တို့မှာ ပြန်လာရှောင်တဲ့သူ များတယ်ဗျ။"

လားရှိုးမြို့ပေါ်မှာတော့ စစ်ဘေးရှောင်တွေကို အဓိကကူညီပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း ၄ခုလောက် ရှိပါတယ်။ စစ်ရှောင်တွေက နေ့တိုင်း အတိုးအလျော့ရှိနေလို့ တနေရာစီမှာ ခန့်မှန်းခြေ ၂၀၀ လောက်နေထိုင်နေကြတာပါ။ အိမ်ငှား၊ အခန်းငှား နေထိုင်ကြသူလည်းရှိပေမဲ့ စျေးကြီးပေးပြီး နေထိုင်နေရကြောင် စစ်ရှောင်တချို့က ပြောပါတယ်။ စစ်ရှောင်တွေဟာ တောင်ကြီးမြို့ပေါ်ကို နေ့တိုင်း ဝင်လာနေဆဲဖြစ်ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတက စိုင်းဇော်ဇော်က ဗွီအိုအေကို ပြောပါတယ်။

" ရှိတယ်ဗျ တဖွဲဖွဲဝင်နေတယ်ဗျ။ ဝင်လိုက်ထွက်လိုက်၊ တချို့လည်း တညအိပ်ပြီး ခရီးဆက်သွားတာပေါ့နော်။ အခုတော့ တဖွဲဖွဲထပ်ဝင်နေတုန်းပဲ ဒီနေ့လည်း။ လုပ်ပေးနိုင်တာကတော့ လောလောဆယ် ဒီ ဘုန်းကြီးကျောင်းတွေမှာ နေရာပဲပေးနိုင်တာပေါ့။ ကျောခင်းစရာနေရာတွေ၊ သန့်ရှင်းရေးကိစ္စ၊ ကျန်းမာရေးကိစ္စအဲဒါနဲ့ စားသောက်ရေးက မိမိအစီအစဉ်ပဲပေါ့။ အိမ်ငှားခတွေကတော့ စျေးကတော့ စျေးမြင့်တာက ဒီလပိုင်းနည်းနည်း အခုဆိုရင်ပိုမြင့်သွားတာပေါ့နော်။ ဒီလပိုင်းမှာ အရင် လွိုင်ကော် စစ်ဘေးရှောင်ကတည်းက အိမ်ငှားခတွေက မြင့်နေတယ်ပေါ့။ ငွေတန်ဖိုးကြောင့် အိမ်ငှားခတွေမြင့်တယ်။"

စစ်ကောင်စီနဲ့ တအောင်းလွတ်မြောက်ရေးတပ် TNLA ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် လားရှိုးမြို့ကနေ တောင်ကြီးမြို့ဆီ စစ်ရှောင်ဖို့သွားတဲ့ ကားတစီး ရေကြီးတဲ့လမ်းတခုကို ဖြတ်နေစဉ် (ဇူလိုင် ၉၊ ၂၀၂၄)

တတ်နိုင်တဲ့သူတွေကတော့ တောင်ကြီးမြို့က ဟိုတယ်တွေ၊ အိမ်လုံးခြင်းတွေ ငါးရမ်းနေထိုင်ကြပါတယ်။ တချို့ကလည်း တိုက်ခန်းငှားပြီး စုပေါင်းနေထိုင်ကြတာမျိုးလည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက လွိုင်ကော်မြို့က ဒေသခံတွေ အလုံးအရင်းနဲ့ တောင်ကြီးမြို့ကို သွားပြီး စစ်ဘေးရှောင်ကြပါတယ်။ အဲဒီတုန်းက အိမ်ငှားခတွေကို မတန်တဆ တောင်းခဲ့ကြတဲ့အတွက် ဝေဖန်မှုတွေလည်း ကြုံခဲ့ရပါတယ်။

လာရှိုးကနေ စစ်ရှောင်ဖို့ထွက်လာတဲ့ အိမ်စီးကားအရေအတွက်က တရက်ကို အစီးရေ ၅၀၀နဲ့ ၁,၀၀၀ ကြားရှိပါတယ်။ သူတို့ကို သယ်ယူပို့ဆောင်ပေးနေတဲ့ အငှားယာဉ်လုပ်ငန်းတွေလည်း နှစ်ဘက်အဖွဲ့တွေရဲ့ အစစ်အဆေးတွေကြားမှာ ခက်ခက်ခဲခဲလုပ်ရကြောင်း ဗွီအိုအေကို ပြောပါတယ်။

" လားရှိုးမှာ တိုက်တာခိုက်တာကတော့ မလျော့ဘူး၊ ကျနော်တို့က ကားသမားဆိုတော့ သွားလာနေတော့ ပိုသိတယ်။ လားရှိုးပတ်ပတ်လည်မှာ MNDAA က နေရာကွက်ကြားပေါ့ တော်တော်များများ ရောက်နေပြီ။ တိုက်ပွဲက ဖြစ်တယ်ဆိုပေမဲ့ အကြီးအကျယ်ကြီး အဲဒီလောက်တော့ မဖြစ်သေးဘူး၊ ဒါပေမဲ့ တပ်မတော်ဘက်ကကြတော့ မြို့ထဲကနေ သူတို့ (MNDAA) ရှိနိုင်မဲ့နေရာတွေကို ရော့ကတ်ဒုံးတွေနဲ့ ပစ်တာတော့၊ အတွဲလိုက် ပစ်တာတွေတော့ မြို့ထဲကနေ ကျနော်တို့ ကြားရတယ်။"

စစ်ရှောင်တွေက လားရှိုး-မိုင်းရယ်၊ မိုင်းကိုင်-မိုင်းရူးလမ်းတွေကနေ တောင်ကြီးမြို့ကို ပြီးခဲ့တဲ့ရက်တွေက သွားခဲ့ကြတာပါ။ အခုတော့ ဒီနေရာတွေမှာလည်း စစ်ရေးတင်းမာလာတဲ့အတွက် တခြားဖြစ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ လားရှိုးကနေ ထွက်ခွာနေကြရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တောင်ကြီးရောက် လားရှိုးစစ်ရှောင်တွေ နေထိုင်ရေးအခက်ကြုံ