မလေးရှားက Al Jazeera ရုံးကို အာဏာပိုင်တွေဝင်စီး

Al Jazeera သတင်းထောက်တွေကို Bukit Aman ရဲစခန်းတွင် စစ်ဆေးစဉ်

(Zawgyi/Unicode)

မလေးရှားနိုင်ငံ Kuala Lumpur မြို့က Al Jazeera သတင်းဌာန ရုံးခန်းကို မလေးရှား အာဏာပိုင်တွေ အင်္ဂါနေ့က ဝင်ရောက် စီးနင်းပြီး ကွန်ပြူတာတွေကို သိမ်းဆည်းလိုက်ပါတယ်။ မလေးရှားနိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်သူတွေအကြောင်း သတင်းမှတ်တမ်း အစီအစဉ် တစ်ခုကို Al Jazeera သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေမှုတွေ လုပ်နေချိန်မှာ အခုလို ဝင်ရောက် စီးနင်း ခဲ့တာပါ။

“မလေးရှား Lockdown ထဲ အကျဉ်းကျခြင်း”လို့ အမည်ပေးထားတဲ့ အဲဒီ သတင်းမှတ်တမ်းကားဟာ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး ကန့်သတ် တားမြစ်ချက်တွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတုန်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီး ထိန်းသိမ်းခံရ တဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင် တင်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ထုတ်လွှင့်ခဲ့တဲ့ အဲဒီ အစီအစဉ်ကို မလေးရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မလေးရှားနိုင်ငံထဲ မီဒီယာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီဆိုပြီး စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်လာနေချိန်မှာ Al Jazeera သတင်းဌာန ရုံးခန်းကို အခုလို ဝင်ရောက် စီးနင်းတာလည်း ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်ဟာ မီဒီယာ လွတ်လပ်မှုကို ဖိနှိပ်ချုပ်ချယ်ဖို့ တိုးပြီး လုပ်ဆောင်လာတာ ကို ပြသနေတယ် လို့ Al Jazeera အင်္ဂလိပ်ဌာနက စီမံခန့်ခွဲမှု ဒါရိုက်တာ Giles Trendle က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

မလေးရှား အစိုးရကတော့ Al Jazeera ရဲ့ သတင်းမှတ်တမ်းကားဟာ နားလည်မှု လွဲစေပြီး တိကျမှုလည်း မရှိကြောင်းနဲ့ Al Jazeera အသံလွှင့်ဌာနကိုဂုဏ်သရေဖျက်မှု၊ ရွံရှာ မသင့်လျော်တာတွေ ထုတ်လွှင့်မှုနဲ့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။ Lockdown လုပ်ထားချိန် မေလတုန်းက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ရတာကလည်း လူထုကို အကာအကွယ်ပေးဖို့ လိုအပ်လို့ ဖမ်းရတာလို့ မလေးအာဏာပိုင်တွေက ပြောထားခဲ့ပါတယ်။

သတင်းမှတ်တမ်းကား ထုတ်လွှင့်အပြီး ဩစတြေးလျ နိုင်ငံသား ၅ ဦး ပါဝင်တဲ့ Al Jazeera သတင်းထောက် ၇ ယောက် ပြီးခဲ့တဲ့ လက အာဏာပိုင်တွေ မေးမြန်းတာကို ခံခဲ့ရသလို သတင်းမှတ်တမ်းကားမှာ အင်တာဗျူးလုပ်ခံရသူ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း လုပ်သားတစ်ဦးလည်း အဖမ်းခံ ခဲ့ရပါတယ်။မလေးရှားနိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ အပါအဝင် ဆင်းရဲတဲ့ နိုင်ငံတွေလာတဲ့ ရွှေ့ပြောင်းလုပ်သား အမြောက်အများ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု လုပ်ငန်းတွေ အပါအဝင် လုပ်ငန်း မျိုးစုံမှာ အလုပ်လုပ်ကိုင်နေတာပါ။

Your browser doesn’t support HTML5

မလေးရှားက Al Jazeera ရုံးကို အာဏာပိုင်တွေဝင်စီး


.................


(Unicode)




