မလေးရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အခက်တွေ့နေဆဲ

တရားမဝင် မြန်မာနိုင်ငံသားများနေရပ်ပြန်ဖို့ အတွက် မြန်မာသံရုံးမှာဖောင်များလာဖြည့်နေပုံ (၃-၇-၂၀) VOA

(Zawgyi/Unicode)

မလေးရှားနိုင်ငံက တရားမဝင်အလုပ်လက်မဲ့ မြန်မာအလုပ်သမားများနေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတာ၂ပတ်ခန့် ကြာလာပြီမို့ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်စေလိုကြောင်း လူမူရေးအသင်းအဖွဲ့တွေ မတ္တာရပ်ခံတဲ့ သတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

မလေးရှားနိုင်ငံမှာ ကိုဗစ် ၁၉ကပ်ရောဂါဖြစ်နေချိန် အလုပ်လက်မဲ့ဖြစ်နေကြတာတွေကြောင့် နေရပ်ပြန်ချင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ထဲမှာတရားဝင်တွေကော တရားမဝင် နေထိုင်သူတွေ ပါဝင်နေတာပါ။ ပြီးခဲ့တဲ့ လကတော့ မြန်မာနိုင်ငံသား ၈ဦးဟာ သီတင်းပတ် ၃ပတ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်မူတွေ ရှိလာတွေကြောင့်တရားမဝင် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်ကနေ မလေးရှားသံအမတ်ကိုခေါ်ယူဆွေးနွေးမူတွေလုပ်ခဲ့ပါတယ်။

လက်ရှိမှာ လူမူရေးအသင်းအဖွဲ့တွေကို ဆက်သွယ်ပြီး နေရပ်ပြန်ချင်သူတွေ ထောင်ဂဏန်းလောက် ရှိလာတာမို့ ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးစေချင်ကြောင်း မလေးရှားနိုင်ငံ လူမူကူညီရေးအဖွဲ့ဥက္ကဌ ဦးစန်းဝင်းကတော့ အခုလိုပြောပြပါတယ်။

“မြန်မာသံရုံးရဲ့Facebook စာမျက်နှာထဲမှာတရားဝင် ပြန်ချင်တဲ့သူတွေ တရားဝင်CI ဖြည့်လို့ရတယ်ဆိုတာ တရားဝင်ကြေညာခဲ့တယ်။ အီးမေလ်းကနေပို့နိုင်တယ်လို့ တရားဝင်ကြေညာထားတယ် CI (certificate of identity ) မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတွေ လုပ်ပေးနေတာ ကျန်းမာရေးမကောင်းတဲ့ သူတွေ
နေရပ်ဆောင်ရွက်နေတာတွေကရက်တွေက ကြာနေတယ်။ ကိုယ်ဝန်ဆောင်တွေဆိုပြန်ဖို့ စောင့်ရင်း နဲ့ လေယာဉ်စီးဖို့ အတွက်ကိုယ်ဝန်တွေက ရင့်လာတယ်။ ကျန်းမာရေးမကောင်းတာကြောင့်ပိုဆိုးလာတယ် ဒီရက်ပိုင်းအတွင်း သေဆုံးနေတာတွေလည်း ရှိနေတယ်။ လူအများစုကလည်း ဝေးလံခေါင်းပါးတဲ့ အရပ်တွေမှာနေတဲ့ သူတွေကျတော့ တချို့ ပရဟိတအဖွဲတွေနဲ့ ချိတ်ဆက်တယ်။ တချို့ကျတော့ စင်္ကပူနယ်စပ် က ဂျိုဟိုးပါဒိုးနေရာကလည်း ချိတ်ဆက်မရတော့ မြန်မာသံရုံးကိုဆင်းပြီး လာလုပ်တယ်။ တချို့ထိုင်းနယ်စပ် ပီနန်တို့ ဘက်ကလူတွေလည်း နီးစပ်ရာ ပရဟိတအဖွဲတွေနဲ့ ချိတ်ဆက်တယ် ပီနန်တို့ ကလင်တန်းတို့ကလည်း ပရဟိတအဖွဲတွေနဲ့ ချိတ်ဆက်မရလို့ မြန်မာသံရုံးကိုကိုယ်တိုင်လာလုပ်ကြတာတွေ ရှိတယ်။ ဒါပေမဲ့ အခုထိနေရပ်ပြန်ရေးက အတိအကျ မသိရတော့စိတ်ဓါတ်တွေ ကျနေရတယ်။”

ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့အတွက် မလေးရှားနိုင်ငံမြန်မာသံရုံးက သံအရာရှိတွေကို တော့ဆက်သွယ်လို့မရခဲ့ပါဘူး။ မလေးရှားနိုင်ငံမြန်မာသံရုံးကို ကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ လောလောဆည် ထိတော့ မြန်မာတွေ နေရပ်ပြန်နိုင်ရေးက မလေးရှားအစိုးရအပေါ်မှာ မူတည်တယ်လို့ ပြောဆိုသွားပါတယ်။

“ကျနော်တို့ လဝကရုံးကိုသွားမယ်။ ကျနော်တို့ လက်ဗွေနှိပ်မယ် နာမည်တွေ ကိုယ်ရေးအချက်အလက်တွေ ယူထားမယ် black list သွင်းမယ်။ ပြီးရင် Special Pass အထူးဖြတ်သန်းခွင့်ထုတ်ပေးမယ်။ အဲဒီလိုမှ ဒီနိုင်ငံက ထွက်ခွါခွင့်ရှိမှာ အဲဒီလို အထူးဖြတ်သန်းခွင့်ရဖို့က ဒဏ်ကြေးပေးရမလား၊ ဒဏ်ကြေးမပေးရဘူးလား ဆိုတာ မလေးရှာအစိုးရ အပေါ်မူတည်တော့ အခုလောလောဆည်တော့ ကျနော်တို့က ဘာမှ ကိုမပြောနိုင်သေးတာ။ မြန်မာသံရုံးဘက်ကတော့ မြန်မာသံအမတ်ကြီးတွေနဲ့ မလေးရှားလဝက အကြီးအကဲ တာဝန်ရှိသူတွေနဲ့ call တွေခေါ်ပြီးလုပ်နေပါတယ်။ မြန်မာပြည်ဘက်ကလည်း တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီးလုပ်နေတာတွေလည်းရှိနေပါတယ်။”

မလေးရှားနိုင်ငံမှာ တရားဝင်ကောတရားမဝင်ပါ မြန်မာအလုပ်သမား ၅သိန်းထက်မနည်း အလုပ်လုပ်ကိုင် နေကြတာ ဖြစ်ပြီးတရားမဝင်အလုပ်လုပ်နေသူတွေက ၃သိန်းထက်မနည်းရှိနေတာပါ။ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ မလေးရှားမှာ အဖမ်းအဆီးတွေများနေတာရယ် အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ မရှိတာရယ်ကြောင့် မြန်မာနိုင်ငံသားတချို့ဟာ နေရပ်ပြန်ကြဖို့ ဆုံးဖြတ်လာတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မလေးရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အခက်တွေ့နေဆဲ


..................


(Unicode)






