ကိုဗစ်ကာလအတွင်း မြန်မာနဲ့ အာရှနိုင်ငံတွေမှာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေရှိနေ

ဟောင်ကောင်မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဆန္ဒပြ (၂၀၁၉၊ အောက်တိုဘာ ၄ ရက်နေ့)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကာလအတွင်း ဒါဇင်နဲ့ချီရှိတဲ့ အာရှနိုင်ငံတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ စိုးရိမ်စဖွယ် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ပြောပါတယ်။ ဇွန်လ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ COVID-19 သတင်းတု သတင်းမှားတွေကို ပျံ့နှံ့တာကို ထိန်းချုပ်ရာမှာ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှမျှတတ လုပ်ဆောင်ဖို့ကိုလည်း မဟာမင်းကြီး Michelle Bachelet က အာဏာပိုင် အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ၊ သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်သူ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုက လူထု အကျိုး အတွက် ဖော်ထုတ်ပြောကြားတဲ့ သဘောထားအမြင်တွေကို ခွင့်ပြုရမှာ ဖြစ်ကြောင်း၊ ကျန်းမာရေးကိစ္စ ကိုင်တွယ်ပုံ၊ လူမှု စီးပွား အကျပ် အတည်း နဲ့ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေတာလို့ ကိစ္စတွေမှာ လူတွေရဲ့ သဘောထား အမြင်တွေကို ဖော်ထုတ်ခွင့် ပြုဖို့လိုကြောင်း Michelle Bachelet က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေစလို့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ အဆုံး နိုင်ငံ အများအပြားက အဖမ်းအဆီး သတင်းတွေကိုလည်း ကုလ မဟာမင်းကြီးရဲ့ ကြေညာချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

SEE ALSO: ကိုဗစ်သတင်းရေးသားမှုနဲ့ ဖမ်းခံထားရတဲ့ အယ်ဒီတာ ဇော်ရဲထက်လွှတ်ပေးဖို့ CPJ တောင်းဆို

မြန်မာနိုင်ငံမှာတော့ ကရင်ပြည်နယ်က ဘားအံမြို့နယ် တရားရုံးက ဒဲ့ပြော သတင်းဌာနက အယ်ဒီတာချုပ်ကို ဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမှားကို ရေးတာကြောင့်ဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့တယ်လို့လည်း မဟာမင်းကြီး Bachelet က ပြောပါတယ်။

ပုဂ္ဂလိကပိုင် ဒဲ့ပြော အွန်လိုင်း သတင်းဌာန တာဝန်ခံ ဦးဇော်ရဲထက်ဟာ ကရင်ပြည်နယ်မှာ COVID-19 လူနာတစ်ဦး သေဆုံးခဲ့တယ်လို့ မှားယွင်း ရေးသားခဲ့တာကြောင့် ဧပြီလ ၁၃ ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံရအပြီး တလကျော်အကြာ မေလ ၂၀ ရက်နေ့မှာ အများပြည်သူ ကြောက်ရွံ့ ထိတ်လန့်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ကရင် ပြည်နယ်၊ ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်တာကို ခံခဲ့ရပါတယ်။

သူ့ကို ဖမ်းဆီး တရားစွဲ ထောင်ချရာမှာ အလျှင်အမြန်ရှိလွန်းတဲ့အပေါ်မှာ မြန်မာနိုင်ငံအတွင်း ဝေဖန်ပြောကြားမှုတွေ ရှိနေသလို မဟာမင်းကြီး Bachelet ကလည်း သူ့ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာလအတွင်း မြန်မာနဲ့ အာရှနိုင်ငံတွေမှာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေရှိနေ


............


(Unicode)





SEE ALSO: တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ်ပေါ် တရားစီရင် ပြစ်ဒဏ်ပေးမှု ဝေဖန်ပြောဆို

