ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ကျေးရွာတွေ မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူတွေထပ်တိုးလာနေတယ်လို့ အဲဒီဒေသကိုသွားရောက်ကူညီသူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်တွေမြို့အနီးက ဟိန္ဒူတွေနေထိုင်တဲ့ကျေးရွာတွေမှာလည်း ပျက်ဆီးဆုံရှုံးမှုတွေရှိနေပြီး ကယ်ဆယ်ရေးတွေ ရောက်မလာလို့ အခက်ကြုံနေရပါတယ်။ ဒီသတင်းရန်ကုန်ကစုစည်းပေးပို့တာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ နေထိုင်ရာကျေးရွာတချို့ဖြစ်တဲ့ အနောက်စံပြ အမှတ် ၃၊ အမှတ် ၆၊ ဗေဒကျေးရွာ၊ ဒါးပိုင်၊ သဲချောင်း၊ ဗေဒနဲ့ သက်ကယ်ပြင်အစရှိတဲ့ကျေးရွာတွေမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိနေတယ်လို့ အဲဒီဒေသမှာ သွားရောက်ကူညီပေးနေတဲ့ လူငယ်ကျောင်းသားတွေ နဲ့ ဖွဲ့ထားတဲ့ အလင်းရောင်အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဆရာတဦးက ပြောပါတယ်။
"ဒီနေ့ကျနော်တို့ စုစုပေါင်းတဲ့ရွာ အများအားဖြင့်တော့စုံပါပြီ။ ကမ်းစပ် တောက်လျှောက်ကို ကျနော်တို့လိုက်ကြည့်တာပါ။ အဲမှာ အများဆုံးထိခိုက်နိုင်တဲ့နေရာတွေလိုက်ကြည့်တယ်။ ဒီနေ့ဆို ၁၁၇ လောင်း၊ နောက်ညနေမှာ ၃ လောင်းကမ်းစပ်မှာတွေ့တယ်။ ဘယ်သူတွေလဲ မခွဲနိုင်ဘူး။ ရုပ်တွေကပျက်နေပြီ။ ကျနော်တို့ တောင်ဖျားသွားရပါမယ်။ ပြီးရင် နောက်ထပ် ဘယ်လောက်ထွက်လာ မလဲ မသိသေးပါဘူး။ အခု နေဖို့အတွက် အခက်အခဲတော်တော်ရှိတယ်။ နောက် အိမ်သာတွေ။ အမျိုးသမီးတွေအိမ်သာတက်ဖို့ အိမ်သာတွေလည်း မရှိတော့ပါဘူး။ လူတွေက မနေရတာပြဿနာမရှိပေမယ့် မစားမသောက်လို့မရပါဘူး။ အလုပ်အကိုင်မရှိဘဲ ဒုက္ခရောက်နေကြရတယ်။ စားနပ်ရိက္ခာ အရေးကြီးပါတယ်။ ပထမဦးစားပေးပါ။ လူတွေအတွက် လုံလောက်တဲ့ရေနဲ့အစားအစာလိုတယ်။ အဲဒါ ရရင် သူတို့တခုခုလုပ်နိုင်မှာပါ။ အဲဒါ အခုအရေးတကြီးလိုနေပါတယ်။"
ဒီသေဆုံးစာရင်းကို ဗွီအိုအေဘက်က သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေဆဲပါ။ လက်ရှိမှာ စစ်တွေနဲ့ အနီးနားကျေးရွာတွေမှာ အင်တာနက်တွေနဲ့ ဖုန်းလိုင်းတွေ လိုင်းမကောင်းတာကြောင့် ဆက်သွယ်ဖို့ အခက်အခဲတွေနဲ့ကြုံနေရပါတယ်။
စစ်တွေမြို့အနီး ဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာလည်း အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဟိန္ဒူဘာသာဝင်တဦးကပြောပါတယ်။ ဟိန္ဒူဘုရားကျောင်း ၃ ကျောင်း ပျက်စီးသွားသလို အိမ်ခြေပျက်စီးသူတွေဟာ ဟိန္ဒူဘုရားကျောင်းတွေနဲ့နီးစပ်ရာနေရာတွေမှာ သွားရောက်နေထိုင်နေရပါတယ်။ ကူညီကယ်ဆယ်ရေးတွေရောက်ဖို့ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။
"အစိုးရဆီကနေ ဘာမှကူညီထောက်ပံ့တာမရှိသေးဘူး။ ခုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေကြတာ။ ဘုရားကျောင်းဆိုလည်း ၃ ကျောင်းပျက်စီးတာ။ ၁၀၀ မှာ ၉၅ ရာခိုင်နှုန်း မုန်တိုင်းဒဏ်ခံလိုက်ရတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့ အိမ်တွေပျက်တယ်။ စစ်တွေမြို့ပေါ်မှာဆို အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ အကုန်ပျက်စီးတယ်။ ထိခိုက်ဒ ဏ်ရာရတာ ရှိတယ်။ သေဆုံးတော့မရှိသေးဘူး။ ဒီမှာကုန်စျေးနှုန်းက မတရားတက်တယ်။ တချို့က ဘုရားကျောင်းမှာနေရတယ်။ တချို့က မိသားစုအကြီးအကဲ အိမ်တွေမှာ စုနေရတယ်။"
သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနဲ့ မင်းဂံဘက်သွားတဲ့ လမ်းတံတားတွေ အကုန်လုံး ပျက်စီးနေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေသလို လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်တာမရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
ကမန်ဒေသခံတွေအများစုရှိတဲ့ သင်္ဂနက်၊ သာယာကုန်း၊ သက္ကယ်ပြင် စတဲ့ ကျေးရွာတွေမှာ အပျက်စီးတွေနဲ့လမ်းတွေပိတ်နေတာကြောင့် ဒီနေ့အထိ အကူညီတွေ မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီကျေးရွာသုံးခုမှာ လူဦးရေ ၇ ထောင်ဝန်းကျင်ရှိပြီး တချို့က ပျက်စီးနေတဲ့ နေအိမ်တွေမှာ ဖြစ်သလိုနေကြရတာ၊ တချို့က စာသင်ကျောင်းနဲ့ ဗလီတွေမှာ နေကြရတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မုန်တိုင်းအတွင်း သေဆုံးအရေအတွက်နဲ့ပတ်သက်လို့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူ ၂၁ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီး တနာရီကို မိုင် ၁၄၀ ကျော်နဲ့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မိုခါမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားရှိခဲ့တယ်လို့ သိရပေမယ့် ဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် သတင်းတွေ အတိအကျသိရဖို့တော့ ခက်ခဲနေတုန်းပါ။ စစ်တွေမြို့ဟာ မိုခါမုန်တိုင်းကြောင့် ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5