စစ်ကိုင်းတိုင်းမြို့နယ်သုံးခု စစ်အုပ်ချုပ်ရေးကြေညာမှု ဒေသခံတွေစိုးရိမ်

Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် စစ်ကောင်စီက ထပ်တိုး သတ်မှတ်လိုက်တဲ့အတွက်၊ အရောင်းအဝယ် အသွားအလာတွေ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာကြောင့် အခြေအနေတွေ ပိုဆိုးနိုင်တယ်လို့လည်း ဒေသခံတွေက ယူဆနေပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဖေဖော်ဝါရီ ၂၂ ရက် ညက စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ် ၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၄၁၉ အရဆိုပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာပါ။ အခုလို ကြေငြာလိုက်တဲ့အတွက် မြို့နယ်အတွင်းက သွားလာ လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေပါတယ်။

စစ်အုပ်ချုပ်ရေးကြေငြာရင် ည ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့် ကန့်သတ်လာတာတွေ ရှိလာနိုင်တာကြောင့် ဒေသခံတွေအပြင် ခရီးသွားလာသူတွေပါ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ ရွှေဘို မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီက တောသူတောင်သားတွေက ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်တွေဆိုတော့ မနက် ၄ နာရီထိုးကို ဈေးကို အရောက်လာရတာဆိုတော့ အဆင်မပြေတော့ဘူးလေ။ ဥပမာ စက်မှုဇုန်ထဲကို ညနေ ၇ နာရီထိုးမှ အလုပ်သိမ်းတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာက သွားလို့လာလို့အဆင်ပြေတယ်။ အခုက ၆ နာရီထိုးဆိုတော့ လုပ်ငန်းရှင်တွေ စက်မှုဇုန်ထဲက ဆန်စက်တွေလည်း သိပ်မလွယ်တော့ဘူး။ ရွှေဘိုမြို့ဆိုတာက ရွှေဘိုမြစ်ကြီးနား ရန်ကုန်ဆိုတာ ရွှေဘိုကနေ သွားလာနေရတာဆိုတော့ နေ့စဉ်ကားတွေရှိတယ်လေ။ လမ်းပန်း ဆက်သွယ်ရေးကလည်း ၆ နာရီထိုးမှ သွားရမှာဆိုတော့ ခရီးသွားအနေနဲ့လည်း ကြန့်ကြာသွားနိုင်တယ်။”

အခုလို မာရှယ်လော စစ်အုပ်ချုပ်ရေး အမိန့်ကြေငြာရတာဟာ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ဖို့အတွက် အခုလိုလိုကြေငြာတာ ဖြစ်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရဖို့ စစ်အုပ်ချုပ်ရေးကြေငြာပေမယ့် စစ်အုပ်ချုပ်ရေးကြောင့် အခြေအနေတွေ ပိုပြီးဆိုးလာနိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့အမြင်ကို အခုလိုပြောပါတယ်။

“သူတို့က ဒီလိုလုပ်လိုက်ရင် တည်ငြိမ်မယ်လို့ သူတို့စိတ်ထဲမှာထင်တာပေါ့။ အရင်တုန်းကထက် အခုလိုထပ်ပြီး လုပ်မယ်ဆိုလည်း တည်ငြိမ်မှုက အရင်ထက်ကို ပိုပြီးဆိုးသွားမှာပဲ။ သူတို့ မနက် ၆ ည ၆ ထုတ်လည်း ဒီ့ထက်မတည်ငြိမ်နိုင်ဘူး။ သူတို့ဒီလိုတွေလုပ်လိုက်ရင် ပြည်သူတွေအနေနဲ့က ထိန်းချုပ်လို့ရမယ်ပေါ့ ကြောက်မယ်ပေါ့ သူတို့က အဲ့လိုထင်တယ်ပေါ့။ ပြည်သူတွေဘက်ကလည်း နဂိုကတည်းမှ သူတို့ဒီလို မတရားဖိနှိပ်ချုပ်ချယ်တာတွေကို မခံနိုင်လို့မို့လို့တော်လှန်နေတယ်။ အခုကျွန်တော်တို့ ပြည်သူတွေကလည်း ကြောက်လန့်မှု မရှိတော့ဘူး သူတို့ကို ခုခံနိုင်တဲ့ အတိုင်းအတာတွေလည်း အများကြီးရှိသွားပြီ အဲ့ဒါကြောင့် သူတို့ဘယ်လိုနည်းနဲ့မှ လုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့က ပြန်ပြီး ခုခံမှာပဲ။”

စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကိုင်း ၊ မကွေး ၊ ချင်းပြည်နယ် ၊ ကရင်ပြည်နယ် မွန်ပြည်နယ် ၊ တနင်္သာာရီတိုင်း ပဲခူးတိုင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါတယ်။ ဒီ မတိုင်ခင်ကတော့ ချင်းပြည်နယ် မင်းတပ်နဲ့ ရန်ကုန်တိုင်းတွင်း ၆ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ ဒါကြောင့် အခု စစ်ကိုင်းတိုင်းတွင်း သုံးမြို့နယ်ထပ်တိုးတဲ့အတွက် လက်ရှိအချိန်မှာ တနိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ မြို့နယ် ၄၇ အထိ ရှိလာနေပါပြီ။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိပြီး ကျန်တဲ့ မြို့ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရဖို့ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အတိအလင်း ပြောကြားထားပါတယ်။

{Unicode}









