ရိုဟင်ဂျာ ဒုက္ခသည်စခန်းမီးလောင်မှု လူပေါင်း ၁၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်နေစဉ် (မတ် ၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar မှာရှိတဲ့ Balukhali (ဘာလုခါလီ) ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မီးလောင်မှုကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မီးဘေးသင့်ဒုက္ခသည် တစ်သောင်းနှစ်ထောင်အတွက် လတ်တလောမှာ ဝါးဆယ်လုံး မိုးကာတချပ် စီပေးထားပြီး သူတို့လတ်တလော ချက်ပြုတ်စားသောက်နိုင်ဖို့ ဂတ်စ်မီးဖိုငယ်တလုံးစီပေးထားတယ်လို့ မီးဘေးဒဏ်သင့် ရိုဟင်ဂျာဒုကသည်စခန်းက ဦးကျော်မြင့် (ခေါ်) ဦးအီစလန်က အခြေအနေကိုပြောပြပါတယ်။

"မီးဘေးသင့်သူတွေကို နေရာသီးသန့်ချမထားပဲ မီးလောင်ဒဏ်သင့်ခဲ့တဲ့နေရာတဝိုက်မှာပဲ ယာယီအမိုးအကာတဲလေးတွေနဲ့ ခိုလှုံနေထိုင်နေကြရသလို နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေဆီ တည်းခိုနေကြရတယ်လို့ပြောပါတယ်။ မီးဘေးဒဏ်သင့်ရိုဟင်ဂျာတွေအတွက် ရိုဟင်ဂျာလူငယ်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဘက်က ကူညီကယ်ဆယ်နေရာချထားရေး ကူညီပေးနေကြသလို မီးလောင်ချိန်အတွင်း ပျောက်ဆုံးနေတဲ့ အဆက်အသွယ်ပျက်နေတဲ့သူတွေကို လိုက်လံရှာဖွေပေးနေကြတယ်လို့လည်း ရိုဟင်ဂျာလူငယ် ဇီယာကပြောပါတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်နေစဉ် (မတ် ၅၊ ၂၀၂၃)

မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ ကြေညာချက်မှာ မီးလောင်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၂၀၀၀ ကျော်နဲ့ ဆေးရုံတွေ၊ သင်ကြားရေးစင်တာတွေ အပါအဝင် ယာယီအဆောက်အဦပေါင်း ၉၀ ကျော် ပျက်စီးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

Cox’s Bazar ကဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းကျော်ရှိနေပြီး အများစုက၂၀၁၇ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူဦးရေ ၇၄၀,၀၀၀ လောက်ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်ကျွမ်းပြီးမြင်ကွင်း (မတ် ၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammad Mizanur Rahman က ပြောပါတယ်။ တမင်သက်သက် မီးရှို့ဖျက်ဆီးတာ ဟုတ်မဟုတ် အစီရင်ခံစာရတာနဲ့ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ယာယီအဆောက်အဦတွေနဲ့ ဒုက္ခသည်လူဦးရေ အဆမတန် ပြည့်ကျပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ မကြာခဏ မီးလောင်မှုတွေဖြစ်လေ့ရှိပါတယ်။ ၂၀၂၁ခုနှစ် မတ်လမှာ ကြီးမားတဲ့ မီးလောင်မှုတခုဖြစ်ခဲ့ပြီး အနည်းဆုံး ဒုက္ခသည် ၁၅ ဦး သေဆုံးပြီး နေအိမ်တဲပေါင်း ၁၀,၀၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာ ဒုက္ခသည်စခန်းမီးလောင်မှု လူပေါင်း ၁၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်