(Zawgyi / Unicode)
မနေ့က ရွာသား ၁၀ ယောက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ဒီနေ့မှာတော့ အသက် ၆၁ နှစ်အရွယ် ဒေါ်ဝင်းရီရဲ့ ရုပ်အလောင်း ထပ်တွေ့လို့ သေဆုံးသူ စုစုပေါင်း ၁၁ လောင်း ရှိသွားပြီလို့ ဒုံးတောပရဟိတအဖွဲ့နဲ့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ မြေပြင်စုံစမ်းချက်အရ ဒီလိုဖြစ်စဉ် ဖြစ်ပွားမှု မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းပြီး ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြသဇင်အောင် ပြောပြပါမယ်။
ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ဒုံးတောကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်လာတဲ့နောက် ရွာသား ၁၀ ဦး မီးရှို့သတ်ဖြတ်ခံလိုက်ရပြီး ဒီနေ့ ကွမ်းခြံထဲမှာ အသက် ၆၁ နှစ်အရွယ် ဒေါ်ဝင်းရီရဲ့ ရုပ်အလောင်း ထပ်တွေ့လို့ သေဆုံးသူစုစုပေါင်း ၁၁ လောင်းရှိသွားပြီလို့ ဒုံးတောပရဟိအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ သေဆုံးသူ ဒေါ်ဝင်းရီဟာ စိတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး အလောင်းကိုတော့ သူနေထိုင်တဲ့ ကွမ်းခြံထဲက တဲအိမ်ဘေးမှာ တွေ့ရတာလို့ ဆိုပါတယ်။
“အလောင်းကတော့ တလောင်းထပ်တွေ့တယ်၊ အမျိုးသမီးပေါ့ဗျ၊ အသက် ၆၁ နှစ် စိတ်မနှံ့ဘူးပေါ့ဗျ၊ နားရင်း နားအောက်ကနေ တေ့ပစ်သွားတဲ့ပုံစံမျိုး ဟိုဘက် ဒီဘက် ပေါက်ထွက်သွားတာ။ ထိုင်နေတဲ့ပုံစံမျိုး ပစ်သတ်သွားတာ၊ အဲ့မှာ အဲ့အနေအထားမှာ မြင်တာပေါ့။ ဒီနေ့ ကျနော်တို့ တွေ့ရတဲ့ အတိုင်းအတာတော့။ ဒီနေ့ထပ်တွေ့တဲ့ အလောင်းဆိုရင် ၁၁ လောင်း အတည်ပြုပေါ့ဗျာ။ ဦးစိုးဆိုတဲ့လူက ကျနော်တို့က နောက်တော့ မသိဘူးဗျ။ သူက ဟို… ဒီအပြင်ရွာရောက်နေလို့ ရောက်သွားတယ်။ ကျနော်တို့က သေတယ်လို့ မှတ်နေတာ။ သူ့ကို ဝင်ပစ်သွားတာ မှတ်နေတာ။ အခုက မနေ့က ၁၁ ယောက်က ၁၀ ယောက်က အမှန်ဗျ၊ ဟုတ်ကဲ့ဗျ အဲ့ဟာပဲဗျ။”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့စုံစမ်းချက်အရ ဖြစ်စဉ်မရှိဘူးလို့ ငြင်းဆိုထားပြီး အသေးစိတ်သိရဖို့ ထပ်မံစုံစမ်းနေတယ်လို့ ဆိုပါတယ်။
“အဲ့ ခုနပြောတဲ့ ဒုံးတော ဆားလင်းကြီးမြို့နယ် ဒုံးတော အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ မြေပြင်မှာလည်း စုံစမ်းပြီးပြီ၊ အဲ့မြို့နယ် အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးမှာလည်း စုံစမ်းပြီးပြီ၊ အဲ့ရွာမှာ အဲ့လိုဖြစ်စဉ်မျိုး ဖြစ်ခဲ့တာ မရှိဘူး။ တပ်ကလည်း အဲ့မှာ ကျနော်တို့ အဲ့နယ်မြေဒေသမှာပေါ့နော်၊ ဒုံးတောကျေးရွာကို ဝင်ရောက်ခဲ့တာ မရှိဘူးဆိုတာ သိရတယ်။ မြေပြင်သတင်းကိုတော့ ကျနော်တို့ အသေးစိတ် စုံစမ်းနေတယ်၊ အဲ့ အခု ဗွီဒီယိုဖိုင်ထဲမှာပါနေတဲ့ပေါ့နော်၊ တောင်တန်းတွေရဲ့ အေနေအထားတို့ တောင်သူတွေရဲ့ အနေအထားကလည်း အဲ့ဒေသမှာရှိတဲ့ အနေအထားမျိုး မဟုတ်ဘူးဖြစ်နေတယ်။”
SEE ALSO: ဆားလင်းကြီး ဒုံးတောကျေးရွာသား ၉ ဦး ကျည်ထိမှန်ပြီး မီးရှို့သတ်ခံရဟု ဒေသခံများ ပြောဆိုစစ်ကောင်စီတပ်တွေက ရွာဘက်မဝင်ခင်မှာ ဒုံးတောရွာအနီးက မြောက်ယမားတံတား မရောက်ခင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီနောက်တော့ စစ်ကောင်စီတပ်တွေ ရွာဘက် ဝင်ရောက်ပစ်ခတ်တာလို့ ပြောပါတယ်။
“ကျနော်တို့ရှေ့ကို သူက ယူနီဖောင်းကို ခဏခဏချိန်းတယ်၊ ဒီနားကို အရပ်ဝတ်နဲ့ဆိုပေမယ့် ဒီပြင်နေရာကျတော့လည်း ယူနီဖောင်းနဲ့ဖြစ်ရင် ဖြစ်သွားတယ်။ ကျနော်က အမြင့်တနေရာကို ကြည့်နေခါကျတော့ သူတို့ ယူနီဖောင်းချိန်းတာကို မြင်နေရတာ။ တံတားမရောက်ခင်ကို သူတို့ မိုင်းဆွဲခံရတာပေါ့ဗျ၊ မိုင်းဆွဲခံရတာကျတော့ သူ ဒီဘက်ကျတော့ တွေ့တဲ့ပြည်သူကို သတ်တဲ့သဘောမျိုးဗျ။ ဖြစ်စဉ်ကတော့ သေချာပါတယ်။ ဆုံးတယ်ဆိုတာလည်း သေချာပါတယ်။ အဲ့ဒါတော့ သတင်းအမှား မဟုတ်ပါဘူး၊ သတင်းအစစ်အမှန်ပါ။ သူတို့ကိုယ်တိုင်ကိုက ဒီမှာ အဲ့ဒီ ကျနော်တို့ ဒီရွာတွေရဲ့အကျော်မှာ လမ်းမှာ ဆီဆိုင်ကိုတွေ့လို့ ဆီဆိုင်ကို ဝင်ပြောသွားတာ၊ မင်းတို့ဘက်က အယောက် ၂၀ ငါတို့ သတ်ခဲ့ပြီဆိုတဲ့ ပုံစံမျိုးကို ဝင်ပြောသွားပြီးတော့ကျ ခြိမ်းခြောက်သွားတယ်ပေါ့။”
သေဆုံးသူတွေဟာ အသက် ၁၄ နှစ် ကိုအာကာစိုး၊ အသက် ၁၇ နှစ် ကိုစန်းကို၊ အသက် ၁၇ နှစ် ကိုဆန်းမင်းဦး၊ အသက် ၁၇ နှစ် ကိုသန်းမြင့်အောင်၊ အသက် ၁၇ နှစ် ကိုကျော်သက်၊ အသက် ၁၉ နှစ် ကိုချစ်နန်းဦး၊ အသက် ၂၀ နှစ် ကိုဝင်းကော်၊ အသက် ၂၂ နှစ် ကိုထက်ကို၊ အသက် ၂၂ နှစ် ကိုဇင်မင်းထွန်းနဲ့ အသက် ၃၀ နှစ် ကိုတင့်နိုင်တို့ဟာ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်ခံရတာလို့ အလောင်းကြည့်ခဲ့သူတွေက ပြောကြပါတယ်။ အသက် ၄၀ အရွယ် ဦးစိုးကတော့ အသက်ရှင်လျက်နဲ့ ပြန်တွေ့ရှိတယ်လို့ ပရဟိတအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
သေဆုံးသွားတဲ့သူများဟာ ဒေသခံ ကာကွယ်ရေး PDF အဖွဲ့ဝင်တွေ မဟုတ်ကြဘဲ အဲ့ဒီလူတွေဟာ ရွာအပြင်မှာ တဲထိုးနေထိုင်ကြပြီး သာမန် လက်လုပ်လက်စားသူတွေလို့ မိသားစုဝင်နဲ့ ရွာခံများက အခိုင်အမာ ပြောဆိုပါတယ်။ သေဆုံးသူ ကိုတင့်နိုင်ရဲ့ အမျိုးသမီးဖြစ်သူကတော့ စပါးရိတ်နေရင်းတန်းလန်းနဲ့ ဝင်ရောက်ပစ်ခတ် ရက်ရက်စက်စက် သတ်သွားတာလို့ ဆိုပါတယ်။
“ကျမအမျိုးသားပါ ပါတယ်ရှင့်။ ဒီဘက်ကဆိုလို့ရှိရင် မောင်တွေ ဝမ်းကွဲတွေ အကုန်ပါတယ်။ ကျမအမျိုးသားနာမည်က ကိုတင့်နိုင်ပါ။ ကျမမှာ ၆ နှစ်ခွဲသားလေး ကျန်ပါသေးတယ်။ ကျမတို့က လက်လုပ်လက်စားတွေပါ၊ အဆင်မပြေပါဘူး။ ဒါပေမယ့် သူတို့က ရက်ရက်စက်စက်ပဲ လယ်ယာလုပ်ငန်း စပါးရိတ်နေတုန်းတန်းလန်းနဲ့ ဒီလို ရက်ရက်စက်စက် လုပ်သွားကြပါတယ်။ ကြိုးတုပ်ပြီးတော့ မီးရှို့သွားပါတယ်။ မသေတဲ့လူက မသေဘူး၊ အကုန်လုံး အထပ်လိုက် အပြုံလိုက်တွေ ကျမမြင်ခဲ့ရတာပါ။ တချို့က အရပ်ဝတ်တွေနဲ့ပါတယ်လို့ ပြောတယ်၊ တချို့ကတော့ ယူနီဖောင်းတွေနဲ့ ပါတယ်လို့ ပြောတယ်။”
သေဆုံးသူ ကိုဝင်းကော်ရဲ့ အစ်မဖြစ်သူကလည်း စစ်ကောင်စီတပ်တွေက မီးရှို့သတ်ဖြတ်သွားကြောင်း မျက်မြင်တွေ့သူတွေက ပြန်ပြောပြတယ်လို့ ပြောပါတယ်။
“ဟိုဟာ မောင်တွေ အစ်ကိုတွေ ဖြစ်နေတာရှင့်၊ မောင်တွေ အစ်ကိုတွေ ဖြစ်နေတော့ကျတော့ အဲ့မှာ မီးရှို့မှာ အဲ့နားမှာ ကွမ်းခြံထဲမှာရှိတဲ့ အလုပ်သမားလေးတွေက မကြည့်ရဲတော့ကျ ဝပ်နေကြတာ။ သူတို့ခမျာကတော့ ပြေးရင်းလွှားရင်း မိသွားတာတဲ့။ သူတို့ခမျာ ကွမ်းခြံထဲပုန်းနေတဲ့ သူကတော့ လွတ်တာပေါ့။ ဆိုတော့ သွားကြည့်တော့ ကျမသွားကြည့်တော့ အဖေလည်း မဟုတ်ဘူး၊ ဦးလေးလည်း မဟုတ်ဘူး၊ ဟိုနားမှာ လူတယောက်က ပြောတာပေါ့၊ မီးရှို့သွားတာ အပုံလိုက်၊ အစုလိုက်၊ ဒီကလေးဖြစ်မှာလားမသိဘူး ပြောတော့ သွားကြည့်တော့ အဲ့ချိန်မှာ မောင်တွေပါနေတာ၊ မောင်တွေ အစ်ကိုတွေ ဖြစ်နေတာရှင့်။ မီးရှို့သွားတာ အဲ့အကြမ်းဖက်စစ်ကောင်စီက မတရားသတ်ဖြတ်ပြီးတော့ မသေမရှင်တွေလုပ်ပြီး ရှို့သွားတာလို့ ကြိုးတွေရောတုပ်ထားပြီး အဲ့အနီးတဝိုက်က လူတွေက မြင်တဲ့လူတွေက ဝပ်လျက် မှောက်ပြီး ကွမ်းခြံထဲကနေ မြင်တဲ့သူတွေ ပြောပါတယ်။”
စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်နဲ့ တရစပ် ပစ်ခတ်လို့ ဒေသခံတွေ အသက်လု ထွက်ပြေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောကြပါတယ်။ လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကြောက်လို့ ဒုံးတောကျေးရွာ၊ ကုန်တောကျေးရွာ၊ ကံကုန်းကျေးရွာ၊ ကျေးစာကျကျေးရွာ၊ ဘိန်နွယ်ချောင်းကျေးရွာနဲ့ ရွာသာကျေးရွာတို့ ဒေသခံ ၁၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5
--------------------
(Unicode)