မိုးမောက် တာဝါတိုင်စခန်း တပ်မတော် ပြန်လည်သိမ်းယူ

KIA တပ်ဖွဲ့ဝင်အချို့။

(Zawgyi / Unicode)

ကချင်လွတ်လပ်ရေးတပ်‌မတော် (KIA) ကနေ သိမ်းယူပြီးတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က တပ်စခန်းတခုကို မြန်မာစစ်တပ်ကနေ မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ မနေ့ညနေပိုင်းမှာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ကချင်ပြည်နယ်ဘက် စစ်ရေးအခြေအနေတွေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

KIA ကနေ သိမ်းယူထားတဲ့ မိုးမောက်မြို့နယ် မြို့သစ်နဲ့ ဆီဟပ်ကြားမှာရှိတဲ့ တာဝါတိုင်စခန်း (စလောင်းကုန်း) ကို စစ်ကောင်စီတပ်ဘက်ကနေ မေလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ မြေပြင်ထိုးစစ် အပါအဝင် လေကြောင်းနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီထိုးစစ်ဆင်မှုကြောင့် မနေ့က သောကြာနေ့ညပိုင်းမှာ KIA ကနေ သိမ်းယူထားတဲ့ တာဝါတိုင်စခန်းကို တပ်မတော်ဘက်က ပြန်လည်သိမ်းယူနိုင်ပြီလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“ဟုတ်ပါတယ်။ မနေ့ညက ၇ နာရီကတော့ ကျနော်တို့ ပြန်သိမ်းပြီးပါပြီ။”

မနေ့ မေလ ၇ ရက်နေ့ မနက်စောစော အချိန်ကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တနေ့လုံးနီးပါး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သလို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ၅ ကြိမ်တိုင်တိုင် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ပြင်းထန်ထိုးစစ်ကြာင့် KIA ဘက်က တပ်ဆုတ်တာလို့လည်း ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲအရှိန်က တအားပြင်းထန်လာတဲ့ အခါကျတော့ နှစ်ဖက်စလုံး ထိခိုက်တာတွေက တအားများလာတာလည်း ပါတယ်ဗျ။ ဘာလဲဆိုတော့ လက်နက်ကြီးနဲ့ ပစ်တာကိုက သုံးနာရီကို အလုံး ၁၀၀ လောက်ပစ်နေတာ။ လေယာဉ်ကတော့ ဂျက် တအားမြန်တဲ့ လေယာဉ်အမျိုးအစားနဲ့ လာတိုက်တဲ့အခါကျတော့။ ၆ ရက်နဲ့ ၇ ရက်နေ့ ညသန်းခေါင်မှာ မိုးတအားသည်းတယ်၊ အဲဒီအခါမှာ ပစ်သေးတယ်။”

SEE ALSO: KIA နဲ့ဖြစ်နေတဲ့ မိုးမောက်တိုက်ပွဲမှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်နေ

မနေ့က တာဝါတိုင်စခန်း တိုက်ပွဲအခြေအနေကို သိရှိဖို့ KIA ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါပေမယ့် တာဝါတိုင်စခန်းကနေ ဆုတ်ခွာပေးတဲ့ အခြေအနေကိုတော့ စစ်ရေးဗျူဟာအရ ဆုတ်ခွာတာ၊ ပြန်တိုက်တာ၊ ကစားတာ ရှိတယ်လို့ မီဒီယာတချို့ကို ပြောဆိုခဲ့ပါတယ်။

မနေ့ကတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေ များတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် KIA ကနေ သိမ်းယူထားတဲ့ အလောဘွမ်တပ်စခန်းကိုလည်း မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတဦးက ပြောပါတယ်။

“အလောဘွမ်ဘက်မှာ မနေ့က လေယာဉ်ပျံ ဗုံးလာကြဲတယ်။ နောင်ကွန်နောင်ကုန်းပေါ့ ဒီဘက်ခြမ်းမှာ၊ အဲဒီမှာလည်း KIO နဲ့ စစ်တပ်တွေ မနေ့ည ၉ နာရီကျော် ၁၀ နာရီလောက် ဟိုမှာပစ်သေးတယ်။”

အလောဘွမ်တပ်စခန်းဘက်မှာလည်း မြန်မာစစ်တပ်ဘက်က စစ်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အလောဘွမ်ဘက်ကတော့ ကျနော်တို့ တချို့စခန်းတွေကို ပြန်လည်ပြီး ဆုတ်ခွာတဲ့စခန်းတွေ ရှိပါတယ်ဗျ။ အဲဒီမှာတော့ ကျနော်တို့ လိုအပ်တဲ့ လုံခြုံရေး စစ်ဆင်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။”

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲကတော့ အပြင်းထန်ဆုံးဖြစ်ပြီး လေကြောင်းက နေ့စဉ်တိုက်ခိုက်နေသလို မေလ ၃ ရက်နေ့ကလည်း KIA ကနေ တပ်မတော်ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပါတယ်။

မနေ့က စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရဟတ်ယာဉ် အပစ်ခံရတာကြောင့် တပ်မတော်အရာရှိ ၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဝိုင်းမော်၊ မန်စီနဲ့ ရွှေကူဘက်တွေမှာလည်း KIA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Your browser doesn’t support HTML5

မိုးမောက် တာဝါတိုင်စခန်း တပ်မတော် ပြန်လည်သိမ်းယူ

----------------------

(Unicode)















SEE ALSO: မိုးမောက်တိုက်ပွဲ စစ်ရဟတ်ယာဉ်တစင်းပျက်ကျ


