(Zawgyi/Unicode)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတာ ဒီကနေ့ဆို ၅ရက် ရှိလာပြီဖြစ်ပြီး အခုချိန် အထိတော့ အကျိတ်အနယ် ဆွေးနွေး နေကြဆဲပါ။
အခုလို အာဏာရ NLD ပါတီရဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်း ချက်က တကယ်ဘဲ အောင်မြင်နိုင်ပါ့မလား။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ဘက်က ရော ဘယ်လိုရှု မြင်ပါသလဲ။ ဗွီအိုအေ သတင်း ထောက် မေခက မေးမြန်းတင်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီ ရက်ပိုင်း အတွင်း အပြီးသတ် ဆွေးနွေးသွား ကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံစံနှုန်းတွေနဲ့ ကိုက်ညီပြဌာန်းခဲ့တာ မရှိဘူးဆိုပြီး ဝေဖန်မှု တွေရှိတဲ့တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို NLD အစိုးရလက်ထက်မှာ ပုဒ်မ ဘယ်နှစ်ခု ပြင်ဆင်နိုင် ပါမလဲ၊ အဓိကကျတဲ့ ပြင်ဆင်လိုတဲ့ ဥပဒေတွေကိုကော ပြင်ဆင် နိုင်ပါ့မလား။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
“လက်ရှိ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ဆွေးနွေးနေတာကို ကြည့်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးကနေ တဆင့်ချင်းစီ ဆုတ်ခွာဖို့ အပါအဝင် ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့ ကိုက်တဲ့ ပြင်ဆင်မှုတွေ အောင်မြင်ဖို့ အလားအလာနည်းတယ်လို့မြင်ပါတယ်။ ဖက်ဒရယ် မူဝါဒတွေကို ဖော်ဆောင်ဖို့ ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမျိုးကိုလည်း အတည်ပြုဖို့ ခက်ခဲနေတာ တွေ့ရပါတယ်”
တည်ဆဲ ဖွဲ့စည်းပုံအရ ပြင်ဆင်လိုတဲ့ ဥပဒေတွေကို ပြင်ဖို့ဆိုရင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ လုပ်မှ ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ (က) နဲ့ အကျုံးဝင်တဲ့ အပိုင်းနဲ့ ကိုယ် စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံတာနဲ့ ပြင်နိုင်တဲ့ ပုဒ်မ ၄၃၆(ခ) နဲ့ ဆိုင်တဲ့အပိုင်း ဆို ပြီး နှစ်ပိုင်းခွဲပြင်ရမယ် လို့ ဖော်ပြထားတဲ့ အတွက် အခု ဥပဒေကြမ်း ၂ခုခွဲ ပြီး ပြင်ဖို့လုပ် နေတာပါ။
ခု ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်းက ၇၀၀ နီးပါး ရှိပါတယ်။ ဒါကြောင့် တည်ဆဲ ဖွဲ့စည်းပုံအရ ပုဒ်မတခု ပြင်နိုင်ဖို့ အနည်းဆုံး ကိုယ်စားလှယ် အယောက် ၅၀၀ ရဲ့ ထောက်ခံမှုရမှ ပြင်နိုင်မှာပါ။ ခုလွှတ်တော်မှာ NLD ကိုယ်စားလှယ်က အယောက် ၄၀၀ နီးပါး ရှိနေပြီး တပ်ဘက်က အယောက် ၂၀၀ နီးပါး၊ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားနဲ့ တခြား ပါတီဝင်တွေ အား လုံး ပေါင်းက အယောက် ၁၀၀ ကျော်ရှိတာမို့ တည်ဆဲ ဥပဒေအရ ပြင်ဆင်ရေးမှာ NLD နဲ့ တပ်မတော် နှစ်ဖက်စလုံး ပြင်ဖို့ သဘောတူတဲ့ ပုဒ်မတွေ ကိုသာ ပြင်ဆင်နိုင်မှာ လည်း ဖြစ်ပါတယ်။ တပ်ဘက်က သဘောမတူရင် ဘယ်အချက် ကိုမှ မပြင်နိုင် သလို အာဏာရ NLD ပါတီ ဘက်က သဘောမတူရင် လည်း ဘာမှ ပြင်နိုင်မှာ မဟုတ်ပါဘူး။
နေပြည်တော် လွှတ်တော်တွင်း ဆွေံးနွေးပွဲကို သွားရောက်လေ့လာခဲ့တဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့
“ အဲဒီတော့ လွှတ်တော်ထဲမှာ ဖြစ်နေတဲ့ အနေအထားကို ကြည့်လိုက်တော့ NLD ဘက်က လည်း ကြိုက်တယ်၊ ထောက်ခံတယ်၊ တပ်ဘက်ကလည်း ကြိုက်တယ်၊ ထောက်ခံတယ် ဆိုတဲ့ အချက်ကတော့ မတွေ့ရသလောက်ပဲ။ ၂ ဘက်စလုံးက ထောက်ခံတာက ဘာမှ မယ်မယ်ရရမရှိဘူး။ အဲဒါကို အဖြေ ပြန်ရှာလိုက်ရင်တော့ ပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ ပြုပြင်နိုင်ဖို့ဆိုတာကိုတော့ တွေ့ရမယ်လို့ မထင်ပါဘူး။”
ခုဆွေးနွေးတဲ့ ၅ရက် တာ ကာလ အတွင်း တပ်နဲ့ NLD တဘက်နဲ့ တဘက် အခြေအတင် စကားလုံး အကျ အန ကောက်ရင်းနဲ့ အချိန်ကုန် နေတာ တွေ့ရပြီး NLD ဟာ ဖွဲ့စည်းပုံကို ထိထိ ရောက် ရောက် ပြင်ဆင်နိုင်ဖို့ တပ်ဘက်နဲ့ လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်တာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေး တိုင်ပင်တာ မျိုး မရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်လာဖို့ ဖွဲ့စည်းပုံပြင်လိုကြ တာပါ။ ဒါပေမယ့် ဒါကိုပုံဖော်မယ့် ပြင်ဆင်ချက်တစုံတရာကို NLD ဘက်ကတင်လာတာ မရှိတာမို့ တိုင်း ရင်း သားတွေဘက်က ဝေဖန်မှုတာတွေရှိပါတယ်။ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့
“ တပါတီ ကြီးစိုးရေး၊ ဗဟိုက နေချုပ်ကိုင်ရေး ၊ ဗဟိုက နေချုပ်ကိုင်ထားတဲ့ အာဏာ ဆိုတာကို မစွန့်ပစ်ချင်လို့ ဆိုတာ တိုင်းရင်းသား တွေဘက်က ပိုပြီးတော့ ခံစားရတယ် ။ ပါး စပ်ကသာ ဖက်ဒရယ် ကို ပြောပေမယ့်လက် တွေ့မှာ ဖက်ဒရယ်မှာ မလိုလားဘူးလို့ ဗဟိုချုပ်ကိုင်မှုကိုပဲ ပိုပြီးတော့ တွယ်တာတယ်ဆိုတာ ပေါ်သွားတဲ့အတွက် NLD အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွေက ထင်သလောက် နိုင်ငံရေးအရ အကျိုးအမြတ်မရဘူးလို့ ကျနော်ကတော့ အဲလို သုံးသပ်တယ်။ ကြားထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား ပါတီတွေကတော့ သေချာပေါက် ဒီ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး၊ ဖက်ဒရယ် စနစ်လည်း ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ အဲလိုပဲ မှတ်ယူနေကြတယ်။”
Your browser doesn’t support HTML5
...............
(Unicode)