ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးမှာ လူ ၅၀ ထက်ပိုပြီး စုဝေးတာမျိုး မလုပ်ရ - ကျန်းမာရေးဝန်ကြီး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး။ (စက်တင်ဘာ ၄၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တရိပ်ရိပ် တက်လာနေတဲ့ အခုလိုကာလမှာပဲ နိုင်ငံရေးပါတီတွေအနေနဲ့ လူအယောက် ၅၀ ထက်မပိုဘဲ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး သတိပေး လမ်းညွှန်ချက်တွေအတိုင်း စက်တင်ဘာ ၈ ရက် အင်္ဂါနေ့ မနက် ၆ နာရီကစလို့ မဲဆွယ်စည်းရုံးခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် စည်းကမ်းချက်နဲ့အညီ အခုလို လူ ၅၀ ထက် မပိုရလို့ ကန့်သတ်ရတာဖြစ်ကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းစဉ်မှာ ပြောကြားပါတယ်။

“ကျနော်ုတိ့က လူ ၅၀ လောက်ကို ရမယ်။ ဒါပေမယ့် ၅၀ လောက်က ခြောက်ပေကွာရမယ်၊ တယောက်နဲ့တယောက်၊ ရှေ့ နောက် ဘေး ညာ၊ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လုပ်မယ်၊ ဒါတွေပေါ့။ အကုန်လုံး ကျန်းမာရေးရှုထောင့်အရပေါ့။ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့ လုပ်ပါတယ်၊ အားလုံး။”

ဒီရက်ပိုင်းထဲ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ပိုပြီး တိုးလာနေတာကြောင့် ပြည်သူလူထုကြား စိုးရိမ်မှု မြင့်တက်နေသလို ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း စိုးရိမ်ကြောင်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

SEE ALSO: မြန်မာကိုဗစ်အတည်ပြု ၁၀၀ ထပ်တိုးပြီး သေဆုံးသူ ၈ ဦးရှိလာ

ကျန်းမာရေးနဲ့ အားကစားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီခွဲမှာ ကိုဗစ်အတည်ပြုလူနာသစ် ၆၆ ဦးကို ကြေညာခဲ့ပြီး ည ၈ နာရီသတင်းမှာ အတည်ပြုလူနာသစ် ၁၀၀ ထပ်ကြေညာတဲ့အတွက် မြန်မာနိုင်ငံက ကိုဗစ်ကူးစက်မှုဟာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် ၁၆၆ ယောက် စံချိန်တင် ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်ထိ COVID-19 ကူးစက်ထားသူပေါင်း တနင်္ဂနွေညထိ စာရင်းအရ ၁,၄၁၉ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိကာ ရောဂါပြန်လည်ကင်းစင်သူ ၃၈၅ ဦး ရှိပါတယ်။

Your browser doesn’t support HTML5

ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးမှာ လူ ၅၀ ထက်ပိုပြီး စုဝေးတာမျိုး မလုပ်ရ - ကျန်းမာရေးဝန်ကြီး

----------------------------

(Unicode)






SEE ALSO: ကိုဗစ်အန္တရာယ် အထူးသတိပြုကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေတိုက်တွန်း

