(Zawgyi/Unicode)
စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ COVID – 19 ကူးစက်ခံရသူ အတည်ပြုလူနာတွေထဲက နောက်ထပ် ၄ ဦး သေဆုံး သွားခဲ့လို့ COVID-19 ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၃၉ ဦး ရှိပြီ ဖြစ်ပါတယ်။
သေဆုံးသူတွေက အသက် ၅၀ ကျော်ကနေ ၈၀ ကျော်အတွင်း ရှိပြီး သွေးတိုး၊ နှလုံး၊ ဆီချိုနဲ့ ပန်းနာရောဂါ အခံ ရှိသူတွေ ဖြစ်တယ် လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကူးစက်ခံရသူ လူနာသစ် နောက်ထပ် ၁၃၄ ယောက်အတည်ပြုလိုက်တာကြောင့်လည်း ရောဂါ ပိုးကူးစက်ခံရသူ စုစုပေါင်း ၃,၆၃၆ ဦး ရှိပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၅၉၇ ခုထဲက အခု မနက်ပိုင်း ထုတ်ပြန်ထားတဲ့ ရောဂါပိုး ကူးစက်သူ ၁၃၄ ယောက် အပါအဝင် အတည်ပြုလူနာ ၃၃၇ ကို ထပ်မံ အတည်ပြု နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုလို COVID-19 ရောဂါပိုးသစ်တွေ့သူ ရာဂဏန်းနဲ့ နေ့စဉ် မြင့်တက်လာနေချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်သူတွေကို COVID ကာကွယ်ရေး စည်းကမ်း လိုက်နာဖို့ တစ်ခုထဲကိုသာ အဓိကမှာကြား လိုတယ် လို့ အင်္ဂါနေ့ညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ အလေးထား ပြောကြားခဲ့ပါတယ်။
အခုထိမြန်မာနိုင်ငံမှာ COVID – 19 ရောဂါ စမ်းသပ် စစ်ဆေးမှု ၁ သိန်း ၉ သောင်းကျော်ပြုလုပ်ခဲ့ပြီး အတည်ပြု လူနာ ၃၆၃၆ ယောက်ထဲက ရောဂါပိုး ကင်းစင်သွားသူ ၈၃၂ ယောက်ရှိပါတယ်။
(Unicode)