(Zawgyi/Unicode)
ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ဒေါ်လာဈေး တဖြည်းဖြည်း ကျလာနေတာကြောင့် စီးပွားရေး လုပ်ငန်း ရှင်တွေ၊ အထူးသဖြင့် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်နေတယ်လို့ ပြောကြပါတယ်။ ဒေါ်လာဈေးကို ထိန်းညှိဖို့ ဗဟိုဘဏ်က ဈေးပြိုင်စနစ်နဲ့ ဝယ်ယူနေတာဟာလည်း မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံဗဟိုဘဏ်ဟာ ဈေးပြိုင်လေလံစနစ်နဲ့ အမေရိကန်ဒေါ်လာ ၉ သန်းကို ဒီကနေ့ ဝယ်ယူခဲ့ပါတယ်။ ဒေါ်လာဈေးနှုန်းတွေကျနေတဲ့ ကိစ္စကို ထိန်းကြောင်းပေးဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း အစိုးရကို ဒီရက်ပိုင်းအတွင်းတိုက်တွန်းခဲ့ပြီးနောက်ပိုင်း ဒါဟာ ဗဟိုဘဏ်က တရက်အတွင်း အများဆုံး ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် မြှင့်ပြီးဝယ်ယူသလို ဒါဟာ ဘက်ဂျက်ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ ဝေဖန်ကြတာလည်းရှိပါတယ်။ ကမ္ဘာမှာဖြစ်တဲ့ ဒေါ်လာဈေးကျနေတဲ့ အခြေအနေမို့ ဒီလိုဝယ်ယူတာဟာ ကမ္ဘာ့ဈေးနှုန်းနဲ့ ပြည်တွင်းဈေးနှုန်း ကွာဟလာနိုင်ကောင်း၊ ဒီနည်းလမ်းကလည်း တိုင်းပြည်ရဲ့ စီးပွားရေးကို မျှောမှန်းသလောက် အကျိုးမဖြစ်နိုင်ကြောင်း ဘက်ဂျက်လေ့လာသူ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ ကမ္ဘာမှာဒေါ်လာတန်ဖိုးကျနေတယ်ဆိုရင် ကုန်သည်တွေ သူတို့ဝယ်ရတဲ့ သွင်းကုန်ဈေးလည်း ကျမှာပဲ။ အဲဒီတော့ သူတို့အတွက်က ဒီလောက်ကြီး မနစ်နာဘူးလို့ ဆရာတော့မြင်တယ်။ ဒါပေမယ့် ဗဟိုဘဏ်ဘက်က ကြည့်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေတောင်းဆိုလာတဲ့ဟာကို လိုက်လျောပြီးတော့ လုပ်တဲ့ပုံစံနဲ့ ဒေါ်လာဝယ်တယ်ပေါ့။ အဲဒါမလုပ်သင့်ဘူးလို့ဘဲ ဆရာတော့ တွက်တယ်။ ဒါပေမဲ့ ဗဟိုဘဏ်ကတော့ အဲဒီအတိုင်းပဲ လုပ်လေ့ရှိတယ်။ အရင်လည်းလုပ်ခဲ့ပြီးပြီး ဒေါ်လာဈေးတက်အောင် အဲအတိုင်းပဲ။ အခုလည်း ဒေါ်လာလိုက်ဝယ်ဆိုတာ ဒေါ်လာဈေးကို ပြန်ထိန်းတဲ့သဘော၊ တက်အောင် ပြန်ထိန်းတဲ့ သဘောပဲ ဖြစ်နေတယ်။”
ကမ္ဘာ့ဒေါ်လာဈေးပြန်မြင့်တက်လာရင်၊ ပြည်တွင်းမှာ ဆွဲတင်ထားတဲ့ ဒေါ်လာဈေးကြောင့် ပိုဈေးတက်လာမျိုးဖြစ်နိုင်ပြီး သွင်းကုန်တွေ ဈေးကြီးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့က ခန့်မှန်းပါတယ်။
၂၀၁၉ နှစ်ကုန်ပိုင်း အမေရိကန်ဒေါ်လာက မြန်မာကျပ်ငွေ ၁၅၀၀ အောက်ကိုကျသွားရတာက ကုန်သွယ်ရေးကြောင့် ဒေါ်လာဝင်ရောက်တဲ့နှုန်း များလာတာကြောင့်ပါ။ အခုကတော့ ကိုရိုနာဗိုင်းရပ်စ် Covid- 19 တကမ္ဘာလုံးကို ပျံ့နှံ့လာတဲ့ သက်ရောက်မှုကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်းကလုပ်ငန်းရှင်တွေဟာ Covid- 19 ကြောင့် စီးပွားရေး ထိခိုက်နစ်နာတာတွေကို မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး UMFCCI မှာ အင်္ဂါနေ့က ဆွေးနွေးကြပါတယ်။ တခြားနိုင်ငံတွေက ဒေါ်လာဈေးကျတဲ့အတိုင်း တန်ဖိုးလျှော့ပြီး ထုတ်လုပ်နိုင်ပေမဲ့ မြန်မာကတော့ ဒေါ်လာဈေးတက်ချိန် ဝယ်ယူထားတဲ့ ကုန်ကြမ်းတွေကြောင့် ပြည်ပဈေးကွက်နဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။
လက်ရှိတော့ ပို့ကုန်လုပ်ငန်းရှင်တွေ အရှုံးရှိနေကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။
“နောက် မြန်မာနိုင်ငံရဲ့ အိတ်စပို့တွေကလည်း ပြည်ပကို ထုတ်ကုန်တွေမှာလည်း ရတဲ့ တန်ဖိုးတွေက နည်းသွားပြီးတော့ သူတို့ တောင်သူတွေက အရင်ဝယ်ထားတဲ့ ပစ္စည်းတွေပေါ့၊ စိုက်ပျိုးရေး ပစ္စည်းတွေကအစ ဒီတန်ဖိုးတွေနဲ့ သူတို့ ရှုံးတာလေးတွေကို မြင်တွေ့ရပါတယ်။ ကျနော်တို့ကတော့ ဒီဥစ္စာကတော့ ဆက်လက် ဆွေးနွေးလျက်ရှိပါတယ် ခင်ဗျ။”
ဒါပေမဲ့လည်း ဗဟိုဘဏ်က ဒေါ်လာဈေး အတက်၊ အကျကို ထိန်းကြောင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ သူကမမြင်ပါဘူး။
“ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေက ပြည်တွင်းရဲ့ ဒေါ်လာဈေးကို သူတို့ ဖန်တီးလုပ်ဆောင်ပြီးတော့ ကျအောင်၊ တက်အောင်လုပ်လို့ မရပါဘူး။ အရင်တုန်းကလည်း ဒါမျိုးဖြစ်ဖူးပါတယ်။ ဒါက Supply and Demand ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ် မူတည်ပြီးတော့ ပြည်ပက ဒေါ်လာဈေးပေါ့နော် federal reserve ရဲ့ အတိုးနှုန်းရယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ရယ် ပြည်တွင်းက အရောင်းအဝယ်တွေအပေါ်မှာ အားလုံး မူတည်ပြီး သွားပါတယ်။”
၂၀၁၉ နှစ်ကုန်ပိုင်းကလည်း အမေရိကန်ဒေါ်လာဈေး ကျလာတာကို ကာကွယ်ဖို့ ဗဟိုဘဏ်က ဒေါ်လာငွေ ဝယ်ယူခဲ့တာမှာ အဲဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ၂လပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်ဝယ်ယူခဲ့ပါတယ်။
၂၀၂၀ မတ်လ ၁၀ ရက် အင်္ဂါနေ့မှာတော့ ဒေါ်လာ ၃သန်းကို ကျပ်ငွေပေါက်ဈေး ၁၃၄၃.၂ ကျပ်နဲ့ ဗဟိုဘဏ်က ပထမအကြိမ်ဝယ်ယူပြီး၊ ဒေါ်လာ ၆ သန်းကိုတော့ ကျပ်ငွေပေါက်ဈေး ၁၃၃၉.၁ ကျပ်နဲ့ တရက်ထဲမှာပဲ ဒုတိယအကြိမ် ဝယ်ယူခဲ့ပါတယ်။
Your browser doesn’t support HTML5
...................
(Unicode)