ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံခံရမှု Amnesty အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ စနစ်တကျ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်က စွပ်စွဲလိုက်ပါတယ်။ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်ဒဏ်ခတ် အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် ခွဲခြားဆက်ဆံ ဖိနှိပ်မှုတွေဟာ တချိန်က တောင်အာဖရိကနိုင်ငံမှာ Apartheid လို့ခေါ်တဲ့ အသားအရောင် ခွဲခြားအုပ်ချုပ်မှုစနစ်ပုံစံမျိုးအထိ ဖြစ်နေတဲ့အကြောင်း Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာသစ်က စွပ်စွဲထားတာပါ။ အမိုးအကာမရှိတဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ ဖိနှိပ်ခံတွေအဖြစ် “Caged Without A Roof” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံ ဖိနှိပ်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အစီရင်ခံစာအတွက် ၂ နှစ်ကြာ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ AI ရဲ့ သုတေသီအဖွဲ့ ညွှန်ကြားရေးမှုး Ann Neistat ကတော့ အခုလိုပြောပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ၊ အတိအကျပြောရရင်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က အကြမ်းဖက်မှုတွေကိုပြန်ကြည့် မယ်ဆိုရင် ရခိုင်ပြည်နယ်ဆိုတာဟာ မွတ်ဆလင်တွေ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အမိုးအကာမရှိတဲ့ အကျဉ်းထောင်ကြီးအဖြစ် အသွင်ပြောင်းသွားပါတယ်။ မြန်မာအစိုးရက ချမှတ်ခဲ့တဲ့စနစ်ဟာ ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀ အတွက် မျှော်လင့်ချက်အမဲ့ဆုံး၊ လူ့ဂုဏ် သိက္ခာအမဲ့ဆုံး ဖြစ်နိုင်သမျှဖြစ်အောင် လုပ်ထားတဲ့ စနစ်သာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း ၃၀ လောက်ကို သြဂုတ်လ ၂၅ ရက်နေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းရာက တကျော့ပြန် ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခန့်မှန်းချေ ဒုက္ခသည် ၆ သိန်းကျော်လောက် ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့ရာက နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဆက်တိုက်ဆိုသလို ဝေဖန်မှုတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။AI အဖွဲ့ရဲ့ မြန်မာ့အရေးသုတေသီ Laura Haigh ကလည်း အစီရင်ခံစာ ပြုစုရာမှာ တွေ့ရှိချက်တွေကို အခုလိုပြောပါတယ်။

“ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်း က မိသားစုတစုရဲ့ အတွေ့အကြုံကိုပြောနေတာမဟုတ်ပါဘူး။ ရခိုင်တပြည်နယ်လုံးအတွက်ပြောနေတာပါ။ နောက်ပြီး ရွာတရွာထဲရဲ့ ဒါမှမဟုတ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့လူတွေရဲ့ အတွေ့အကြုံကိုသာ ပြောနေတာလည်းမဟုတ်ပါဘူး။ ရိုဟင်ဂျာဖြစ်တယ်ဆိုတဲ့ အချက်တချက်ထဲ နဲ့တင် ရင်ဆိုင် ခံစားနေရတဲ့ လူတွေအားလုံး အတွက်ခြုံငုံ တင်ပြထားတာဖြစ်ပါတယ် ။ ”

AIအဖွဲ့ ရဲ့အစီရင်ခံစာကို ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်လိုက်တာပါ။ နေရပ်စွန့်ခွါထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးနေကြပေမယ့် နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာကိုလည်း မေးခွန်းထုတ်ထားပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ တောင်းဆိုကြပါတယ်။

“ မြန်မာအစိုးရက လက်ရှိကျင့်သုံးနေတဲ့ လက်ရှိစနစ်ကြီးကို ဖျက်သိမ်းပြီး လက်တွေ့ကျတဲ့ စနစ်တခုနဲ့ အမြန်ဆုံး အစာထိုးဖို့ မြန်မာတာဝန်ရှိသူတွေကို ကျမတို့ တောင်းဆိုပါတယ်။ လူမျိုးနဲ့ ကိုးကွယ်တဲ့ ဘာသာကိုအခြေခံပြီးခွဲခြားထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်း အားလုံးကို ပြန်လည်ဆန်းစစ်ဖို့လည်းလိုပါတယ်။ ဒီဥပဒေပြဌာန်းချက်အားလုံးဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ကိုက်ညီဖို့လည်းလိုအပ် ပါတယ်။”

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်း ကတိပြုပြောဆိုထားသလို၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ကတိပြုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံခံရမှု Amnesty အစီရင်ခံစာထုတ်ပြန်