မကွေးတိုင်း၊ ပေါက်မြို့မှာ ကြိုတင်မဲကိစ္စနဲ့ အငြင်းပွားမှုဖြစ်

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ နေသည့် အမျိုးသမီးတဦး။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်ပေးခွင့်ရတဲ့နေ့မှာပဲ မကွေးတိုင်း ပေါက်မြို့နယ်မှာ အငြင်းပွားမှု ဖြစ်ပွားခဲ့တာကြောင့် ကော်မရှင်တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

သက်ကြီးပိုင်းတွေ အပါအဝင် ရွေးကောက်ပွဲနေ့မှာ မဲမပေးနိုင်တဲ့သူတွေ ကြိုတင် ဆန္ဒမဲပေးခွင့်ပေးထားတဲ့ ပထမနေ့မှာပဲ ပေါက်မြို့နယ်မှာ ရွေးကောက်ပွဲ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေ ကန့်ကွက်ရာက အငြင်းပွားမှု ဖြစ်ခဲ့တာကို အခုအခါ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတာပါ။

လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အခြေအနေအထိ ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်ရင် အရေးယူမယ်လို့လည်း မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကတော့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ် မရပ်ဆိုင်းသွားအောင်တော့ ကျွန်တော်တို့ လုပ်နေတယ်။ နောက်တခုက မနေ့ကဖြစ်တဲ့ မဲပုံးကိုတော့ ချိတ်ပိတ်ပြီး သိမ်းထားပါတယ်။ ကျွန်တော်တို့က မြို့နယ်မှာ စစ်ဆေးနေပါတယ်။ အဲ့ဒါတွေ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့ဒါလေးပြီးမှ ကျွန်တော်တို့ သိရမယ်။ စစ်ဆေးပြီးခဲ့အခါ ကျတော့မှ ရွေးကောက်ပွဲဥပဒေနဲ့ ငြိတယ်ဆိုရင် ငြိတဲ့အတိုင်းလုပ်မှာပဲလေ စစ်ဆေးနေတုန်းပါပဲ။”

အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေ အပါအဝင် ကြိုတင်မဲပေးရာမှာ ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာက ရပ်ကွက်နဲ့ကျေးရွာ ကော်မရှင် ဥက္ကဌက မဲဆန္ဒရှင်တွေကိုယ်စား မဲပြားတွေမှာ တံဆိပ်တုံး ထုပေးခဲ့တယ်ဆိုပြီး မကျေနပ်ကြရာက လူစုလူဝေးဖြစ်ပွားခဲ့တာပါ။

ကိုယ်စားမဲပေးရာမှာလည်း မဲဆန္ဒရှင်တွေ ဆန္ဒအတိုင်းမဟုတ်ဘဲ မဲပေးခဲ့တာကြောင့် ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပေါက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဝင်းက ပြောပါတယ်။

“အခုကျေးရွာနဲ့ ညှိနှိုင်းလိုက်တာက ဒီမဲတွေကို ပယ်ဖျက်ပေးမယ်။ မဲပေးပြီး အဖိုးအဖွား ၄၀ ဟာလည်း မဲဆန္ဒအသစ် ပေးခွင့်ပြုမယ်။ ပြုရမယ်ပေါ့ သူတို့တောင်းဆိုထားတာ။ နောက်တခုကကျတော့ ဥပဒေနဲ့ မညီလုပ်တဲ့ ရပ်ကျေး ကော်မရှင်က လူတွေကိုကော မြို့နယ်ကော်မရှင်က လူတွေကိုကော ထိုက်သင့်တဲ့ ပြစ်ဒဏ် အရေးယူ ဆောင်ရွက်ပေးဖို့ လုပ်ပေးရမယ်ပေါ့။ ဒါကျေးရွာက တောင်းဆိုတာတွေပေါ့။ ကျေးရွာက တောင်းဆိုတာတွေကို ဥပနေဲ့ညီတယ်ဆိုရင် အကောင်အထည်ဖော်နိုင်အောင် တွန်းအားပေးပါ့မယ်လို့ ကျွန်တော်တို့အနေနဲ့ ကတိပေးလိုက်တော့ ကျေးရွာသူ ကျေးရွာသားတွေက လက်ခံသွားတယ်ပေါ့။ ကျေးရွာသူ ကျေးရွာသားတွေ တောင်းဆိုတာတွေကို လုပ်ပေးမယ်လို့တော့ ခရိုင်ကော်မရှင်က အဲ့လိုပြောသွားပါတယ်။”

အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ကျွန်းရင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို တာဝန်က ဖယ်ရှားခဲ့ပြီး မဲပေးတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မဲမသမာမှု ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းဖောက်ဖျက်သူတွေကိုတော့ ငွေဒဏ်ကနေ ထောင်ဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့လည်း ရွေးကောက်ပွဲလုပ်ငန်းတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ကနောင် အင်စတီကျုက ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောပါတယ်။

“ရွေးကောက်ပွဲမသမာမှုထဲမှာတော့ ငွေဒဏ်နဲ့ ထောင်ဒဏ် ၂ ရပ်လုံးကိုတော့ ချလို့ရတယ်ဆိုပြီး ချလို့ရတယ်လို့ လုပ်ထားတာရှိတယ်ပေါ့။ ဒါပေမယ့် အဆုံးအဖြတ်နဲ့ အပြီးပြတ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက်သည် အပြီးပြတ်ဖြစ်ထားတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအတွက်တော့ ပြစ်မှုပြစ်ဒဏ်ထည့်ထားတာမရှိဘူး။ ဒီရွေးကောက်ပွဲ မသမာမှုတွေလုပ်လာမယ် ဖြစ်လာမယ်ဆိုရင်တော့ ခုနကလို ငွေဒဏ်ကော ထောင်ဒဏ်ကော ၂ ရပ်လုံး ချမှတ်လို့ရတယ်လို့ ရွေးကောက်ပွဲ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေမှာတော့ ပြဌာန်းထားတာတော့ ရှိတယ်ပေါ့နော်။ အဓိကတော့ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ရယ် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ရယ် ရေးထားတာမျိုးရှိတယ်။”

ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ကြီးပိုင်းတွေ၊ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အပါအဝင် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိသူတွေကို ကြာသပတေးနေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုထားတာပါ။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ တသန်းကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

Your browser doesn’t support HTML5

မကွေးတိုင်း၊ ပေါက်မြို့မှာ ကြိုတင်မဲကိစ္စနဲ့ အငြင်းပွားမှုဖြစ်


...........


(Unicode)










