ငပလီဟိုတယ်ဇုံကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်

ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေမှာ ငါးဖမ်းလှေများနဲ့ တံငါသည်များကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉)

ရခိုင်တောင်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲ ငပလီကမ်းခြေတလျောက်မှာရှိတဲ့ ဟိုတယ်ဇုန်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဟိုတယ် တချို့ မီးလောင်နေတာရှိသလို သံတွဲမြို့ပေါ်မှာလည်း စစ်အင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာတော့ သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းယူနိုင်ခြင်း မရှိသေးပေမဲ့ မြို့နားတဝိုက် ငပလီကမ်းခြေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြပါမယ်။

ရခိုင်တောင်ပိုင်း၊ သံတွဲ ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက် ကမ်းခြေတလျောက်မှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ဒီရက်ပိုင်း သိမ်မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း ငပလီကမ်းခြေက ဟိုတယ်ဇုန်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေနဲ့ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတာကြောင့် ဟိုတယ်တချို့ မီးလောင်တာရှိတယ်လို့ သံတွဲဒေသခံ အအမျိုးသမီးတဦးက ပြောပါတယ်။

“ နည်းနည်းငြိမ်နေတယ်၊ တိုက်ပွဲဖြစ်တဲ့ အသံတော့ မကြားရဘူး ဒါပေမယ့် ဟိုတယ်ဇုန် ဘက်ကိုတော့ လေယာဉ်နဲ့ဗုံးလာကြဲတော့ ဟိုတယ်တော်တော်များများတော့ မီးလောင်နေတယ်လို့ ကြားရပါတယ်၊ ပြီးတော့ လူနေရပ်ကွက်တွေမှာလည်း ရပ်ကွက်ထဲကို မကျပေမယ့် ပင်လယ်ကမ်းနားကို ကျတာမျိုးတွေရှိတယ်၊ ဘုရားတွေပေါ်ကို ကျတာမျိုးတွေ လည်းရှိပါ တယ်။”

ရခိုင်မှာ တကြော့ပြန် တိုက်ပွဲကာလတလျောက် မြောက်ပိုင်းက မြို့နယ် ၈ခုနဲ့ တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ အခုလို မြို့တွေကို ဆုံးရှုံးလိုက်ရတဲ့ အခါမှာလည်း မြို့တွင်းမှာရှိတဲ့ နေအိမ် အဆောက်အအုံတွေကို လေကြောင်းက ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ပျက်စီးမှုများအောင် လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အကျိုးစီးပွား တော်တော်များများရှိနေတဲ့ သံတွဲ ငပလီကမ်းခြေကိုလည်း စစ်ကောင်စီက လက်လွတ် ဆုံးရှုံးရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ်းခြေတခုလုံးကို ဖျက်ဆီးမယ့်သဘော ရှိတယ်လို့ ရခိုင်ဒေသခံတဦးက သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“ သူတို့က နယ်မြေတခုကို လက်လွတ်ရတော့မယ်ဆိုရင် AA ထိန်းချုပ်မယ့်နေရာတွေကို ကောင်းကောင်းမွန်မွန် မထားခဲ့ချင်ဘူး၊ စစ်ကောင်စီက ဘယ်လိုလဲဆိုတော့ သူတို့အုပ်ချုပ်တဲ့ အခါ သူတို့ အုပ်ချုပ်ထားတဲ့ အခါ တိုးတက်တယ် ကောင်းမွန်တယ်၊ AAကထိန်းချုပ် လိုက်ပြီး နောက်ပိုင်းမှာ ပြန်လည်တည်ဆောက်ရေးအတွက်ကို AAကမလုပ်နိုင်ဘူးဆိုတာမျိုး သွားချင်တဲ့ သဘောလို့ မြင်တယ်၊ သံတွဲမှာဆိုရင်လည်း အထူးသဖြင့် သံတွဲဟာ ရခိုင်ပြည် နယ်ရဲ့ စီးပွားရေးမြို့နယ်တွေထဲက တမြို့ဖြစ်တယ်၊ ဆိုတော့ ဒီမြို့ကို စစ်ကောင်စီက အပျက်အစီးမရှိပဲနဲ့ လက်လွတ်ခံမှာ မဟုတ်ဘူး၊ သူတို့က တတ်နိုင်သလောက်တော့ ကာကွယ်မယ် ကာကွယ်လို့မရတော့ဘူးဆိုရင်တော့ အပျက်အစီးတွေကို ဂရုစိုက်မှာမဟုတ်ဘူး။ ရတဲ့နည်းနဲ့ ရတဲ့ပုံစံမျိုးနဲ့ သူတို့ ဗုံးကြဲခဲ့မှာပဲ။”

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်ကိုသိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် အာရက္ခတပ်တော် AA ရဲ့ ဓါတ်ပုံ (ဇူလိုင် ၅၊ ၂၀၂၄)


ဒါ့အပြင်ငပလီကမ်းခြေတလျောက်က ကျေးရွာ/ရပ်ကွက်တွေက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ လကတည်းက အိုးအိမ် စွန်ခွာပြီးတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်း လုယှက်ခံရတာတွေ ရှိနေတယ်လို့လည်း နေအိမ် ဖောက်ထွင်းခံလိုက်ရတဲ့ ငပလီဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ ဖောက်ထွင်းတာကကျတော့လေ တော်တော် အခြေအနေဆိုးနေတာပေါ့နော်။ ညီမတို့ အိမ်ဆိုလို့ရှိရင်လည်း ဖောက်ခံလိုက်ရတယ် ပါသွားတယ်။ ဖောက်ထွင်းတာကလည်း လူအုပ်စုလိုက်ဖွဲ့ပြီးတော့ အယောက် ၂ဝလောက် တုတ်တွေ၊ ဓားတွေနဲ့ လာပြီးတော့ ဝင်ဖောက်တာလို့ ပြောတယ်။ သူတို့က အိမ်အခြေအနေကို အရင်ကြည့်တယ်၊ ပြီးတော့မှ ဒီအိမ်မှာ ဘာပစ္စည်းတွေရှိလဲ အနေအထားကို ကြည့်ပြီးမှ တံခါးတွေ ရိုက်ဖျက်ပြီးတော့ ဝင်တယ်။ ရှိတဲ့ စားနပ်ရိက္ခာတွေ ယူတယ်။ ပြီးတော့မှ တန်းဖိုးရှိပစ္စည်းတွေ ရှိတယ်ဆိုရင် နောက်ထပ်တခေါက် ထပ်လာပြီးတော့ ထပ်လာယူတယ်၊ အဲလိုလုပ်တာ။ ညီမတို့ အိမ်မှာဆိုရင် အိမ်စောင့်အနေနဲ့ ၃ယောက် တောင် ကျန်ခဲ့တာပေါ့နော်။ ဒါပေမယ့်လည်း လူအုပ်စုက တုတ်တွေ ဓားတွေနဲ့ဆိုတော့ မသိချင်ယောင်ဆောင်ပြီး အိပ်နေလိုက်ရတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတော့လေ အဲလိုအခြေအနေဖြစ်နေတယ်။”

သံတွဲကမ်းခြေတလျောက်မှာ နှစ်ဘက်အပြအလှန်ပစ်ခတ်တာတွေနည်းပါး လာတယ်ဆို ပေမယ့် စစ်ကောင်စီဘက်ကတော့ သံတွဲမြို့ပေါ်မှာ တပ်အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါ့အပြင် မြို့အတွင်းက လမ်းနဲ့ တံတားတွေမှာလည်း စစ်ကောင်စီကမြေမြုပ်မိုင်းတွေ ထောင်တာတာကြောင့် သံတွဲဒေသခံတွေ အသွားအလာဂရုစိုက်ကြဖို့ အာရက္ခတပ်တော် AA ဘက်က တိုက်တွန်းထားပါတယ်။

တဆက်တည်းမှာပဲ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လက်ကျန်စခန်း တခုဖြစ်တဲ့ နခခ (၅၅) မြို့သူကြီးစခန်းကို AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

"မောင်တောမှာက ကျနော်တို့ သိရသလောက်ဆိုရင် မြို့နဲ့ အနီးဆုံးစခန်းတခုပဲ ကျန်တော့တယ်လို့ ကျနော်တို့ သိထားရတယ်။ အဲတာကိုလည်း AA က ဝန်းရံပိတ်ဆို့ပြီးတော့ တိုက်ခိုက်နေတာရှိတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း တပ်သားတချို့လည်း ကိုယ်လွတ်ရုန်းပြီးတော့ ထွက်ပြေးနေကြတယ်။ စက်လှေနဲ့ ထွက်ပြေးသူတချို့ကိုလည်း ဘင်္ဂလားဒေရှ့်ဘက်က ကမ်းကိုအကပ်မခံဘူးလို့လည်း ကျနော်တို့ ကြားရတယ်။”

မနေ့ကလည်း မောင်တောမြို့နယ်က ကညင်ချောင်း စီးပွားရေးဇုန်အတွင်း တပ်စွဲထားတဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲပြင်း ထန်နေတဲ့ မောင်တောကနေ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေရှ့်် ဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စက်လှေနှစ်စင်းကို ဘင်္ဂလားဒေရှ့်စစ်တပ်က ကမ်းကပ်ခွင့်မပြုတာကြောင့် မြစ်တွင်းမှာ မျောနေတယ်လို့ ဘင်္ဂလားဒေရှ့်သတင်း တွေမှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ငပလီဟိုတယ်ဇုံကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်