(Zawgyi/Unicode)
မင်းတပ်မြို့ကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းက နေအိမ်တွေအပေါ် ပစ်ခတ်မှုတွေကို ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ကလေးငယ်တယောက် ဒဏ်ရာရထားပေမဲ့ ဆေးကုသနိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ဘေးလွတ်ရာကို ပြေးနေရသူတွေမှာလည်း အစားအစာ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူ ကပြောပြပါမယ်။
ချင်းပြည်နယ် မင်းတပ်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မင်းတပ်မြို့မှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့တဲ့အတွက် စစ်တပ်က မြို့တွင်းက အဓိကနေရာတွေမှာ ဝင်ရောက် တပ်စွဲနေပါတယ်။ မေလ ၁၇ ရက်နေ့က မြို့ထဲက လူနေအိမ် တချို့အပေါ် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ကလေးငယ်တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ CDF က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“မင်းတပ်မြို့တွင်းမှာ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဦးအနေနဲ့ တပ်ဆုတ်ပေးထားတယ်ပေါ့နော်။ လူထုကို ဒိုင်းသဖွယ် အသုံးပြုပြီးတော့ လူသားဒိုင်းသဖွယ်ပြုလုပ်လာလို့ ကျွန်တော်တို့က တပ်ဆုတ်ပေးထားတယ်။ တမြို့လုံး တပ်ဆုတ်ပေးထားတာကို အဲ့ဒါကို ညဘက်ကော နေ့ဘက်ကော လူထုရဲ့အိမ်တွေ ပြည်သူတွေရဲ့ အိမ်တွေကို လက်နက်ကြီးတွေနဲ့ လိုက်ပစ် ၊ ခွေးဟောင်တဲ့အသံ ကြားရင်လည်း အဲ့ဘက်ကိုပစ်တာပဲ ကြက်တွန်သံကြားရင်လည်း ပစ်တာပဲ။ ဒီနေ့ နေ့လည်လောက်မှာပေါ့လေ လက်နက်ကြီး ၄ ၊ ၅ ချက်လောက်တော့ပစ်တယ်။ အဲ့မှာ အိမ်ထဲမှာ ပုန်းနေတဲ့ မိသားစုတစု ကလေးငယ်လေး ကျွန်တော်ထင်တယ် ၈ နှစ် ၉ နှစ်လောက်ပဲရှိမယ် ထင်တယ်။ နောက်လည်ပင်းရိုးအောက်နားလေးမှာ ဒဏ်ရာရသွားတယ်။ ဒဏ်ရာက အတော်ကြီးတယ်။ အဲ့လိုပဲ ထင်တိုင်းကြဲနေတော့ အရပ်လေးမျက်နှာပစ်နေတာ ဒဏ်ရာရတဲ့သူကိုလည်း တယောက်နဲ့တယောက် မကူညီနိုင်ဘူး။ နောက်ဆေးအဖွဲ့တွေလည်း ကူညီပေးတာတွေ မလုပ်နိုင်ဘူး၊ မကူညီနိုင်ဘူးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ CDF အနေနဲ့ပြီးခဲ့တဲ့ တနေ့ကတည်းက တပ်ဆုတ်ပေးထားတယ် မပစ်တော့ဘူး။ လူထုကို အထိနာမှာဆိုးလို့ တပ်ဆုတ်ပေးထားတယ်။”
စစ်တပ်က ပစ်ခတ်တာကြောင့် ကျည်ထိမှန်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်ရဲ့ မိသားစုနဲ့ နီးစပ်သူ တဦးကလည်း ဆေးကုသဖို့ခက်ခဲနေတဲ့ အခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။
“ညီမတို့သိတာ ကျည်ဆံထိမှန်တယ်လို့သိရပါတယ်။ ညီမတို့ကို ဖုန်းလှမ်းဆက်တဲ့အချိန်မှာ ကျွန်မတို့ သမီးက ကျည်ဆံထိမှန်သွားပြီလို့ အဲ့လိုပဲပြောတယ်။ ဖုန်းလှမ်းဆက်တဲ့အချိန်က ၁၀ နာရီ ၄၀ ဝန်းကျင်ဆိုတော့ ၁၀ နာရီခွဲလောက်က ဖြစ်တာပါရှင့်။ ညီမတို့က အိမ်ထဲကနေ အိမ်ပြင်လည်း ထွက်လို့မရဘူး။ ပုန်းခိုဖို့ ထွက်ပြေးဖို့ တိမ်းရှောင်ဖို့သွားရင်လည်း တွေ့တာနဲ့တန်းပစ်တယ် တန်းဖမ်းကြတယ်ဆိုတော့ ဆေးခန်းသွားဖို့လည်း အခြေအနေ မပေးနိုင်ကြဘူး။ အဲ့ဒါကြောင့်မို့ ကလေးရဲ့အခြေအနေကလည်း သိပ်ပြီးတော့ စိုးရိမ်ရတယ်ဆိုတာထက် ဆေးခန်းလည်း သွားပြလို့ မရဘူးဆိုတော့ အခြေအနေ သိပ်မကောင်းနိုင်ဘူး။”
မေ ၁၃ ရက်ညပိုင်းက မင်းတပ်မြို့နယ်ထဲမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီး မေ ၁၄ ရက်နဲ့ ၁၅ ရက်တွေတွေမှာ ၂ ဖက်ကြား တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်တပ်ဘက်က လေကြောင်း ကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့်
ဒေသခံတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေး တိမ်းရှောင်သူတွေဟာ နီးစပ်ရာ တောထဲမှာ ခိုလှုံနေရပြီး အစားအစာ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေကြပါတယ်။ အခုလို အရေးပေါ်အကူအညီ လိုအပ်နေတာနဲ့ပတ်သက်လို့ ကိုယ်တိုင်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရသူ တဦးက အခုလိုပြောပါတယ်။
“ပြောရမယ်ဆိုရင် မင်းတပ်မှာရှိတဲ့ လူဦးရေရဲ့ ၃ ပုံ ပုံရင် ၁ ပုံလောက်ပဲ မြို့ထဲမှာ ကျန်နေတာ ၂ ပုံလောက်က နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျွန်တော်တို့ ရှောင်ပြေးနေရတဲ့ နေရာမှာဆိုရင် လူဦးရေ ၅၀၀ လောက်ရှိတယ်။ အခုထွက်ပြေးနေတဲ့ တော်တော်များများကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ တော်တော်များများ ထွက်ပြေးနေကြတယ်ပေါ့။ တောထဲ တောင်ထဲမှာ ရောက်နေတယ်ဆိုတော့ လောလောဆယ် ဆေးဝါး အစားအသောက်တွေရယ် တောင်ပေါ်ဒေသဆိုတော့ အစားအသောက် ခက်ခဲတဲ့နေရာမျိုး ဖြစ်နေတဲ့အခါကျတော့ အစားအသောက်လိုတယ်။ ပြီးရင် နေထိုင်စရာ အမိုးအကာတွေလည်း လိုအပ်တယ်။ လောလောဆယ်လိုအပ်တာက။ ကျွန်တော်တို့မြို့ပေါ်မပြန်နိုင်ဘူးဆိုရင် တော့ ပိုပိုပြီးတော့ ခက်ခဲလာမယ့်အခြေအနေပဲရှိပါတယ်။ လောလောဆယ်တော့ ဘာအကူညီမှ မရဘူးပေါ့။ သို့သော် ပြည်ပက ဆွေမျိုးသားချင်းတွေဆီက အားပေးစကားတွေနဲ့ပဲ အားတင်းထားတာပေါ့။ ကျွန်တော်တို့ အားတင်းထားတယ်။ သူတို့ကိုလည်း ကျေးဇူးလည်းတင်တယ်။ တိုက်ပွဲရှိနေသရွေ့တော့ ကျွန်တော်တို့က တိမ်းရှောင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။”
မင်းတပ်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ စစ်ကောင်စီဘက်က ပြန်မလွှတ်ပေးတဲ့အတွက် ၂ ဖက်အပြန်အလှန် တိုက်ပွဲတွေ စတင်ခဲ့တာပါ။
မေ ၁၄ ရက်နဲ့ ၁၅ ရက်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ မင်းတပ် CDF ဘက်က ၆ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အများအပြား ကျဆုံးခဲ့တယ်လို့ မင်းတပ် CDF ဘက်က ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးတဲ့ စာရင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါ့အပြင် မင်းတပ် CDF ဘက်က စစ်ကား ၆ စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး လေကြောင်းကနေပါ တိုက်ခိုက်ပြီး မင်းတပ်မြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
.................
(Unicode)