မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့ မြေမြှုပ်မိုင်းတွေကို တိုးမြှင့်အသုံးပြုနေတဲ့အကြောင်း မြန်မာ့အရေး အကဲခတ်တွေက သတိပေးပြောဆိုတာကို ဂျပန်နိုင်ငံထုတ် နစ်ကေးအေးရှားသတင်းမှာ ဖေါ်ပြပါတယ်။
ဇွန်လ အစောပိုင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ လက်ပန်းတောင် တောင်ကြေးနီစီမံကိန်းတဝိုက်မှာ မြန်မာစစ်တပ်က မြေမြှုပ်မိုင်းတွေကို အသုံးပြုနေကြောင်း သတင်းမှာ ဖေါ်ပြထားတာပါ။ မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွားတွေကို အကာအကွယ်ပေးရေး ဗျူဟာတခုအနေနဲ့ မြေမြှုပ်မိုင်းတွေကို အသုံးပြုနေတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Jason Tower က ပြောဆိုထားပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်းအနီးမှာ အခုလို စစ်ကောင်စီတပ်တွေ ဇွန်လအတွင်း မြေမြှုပ်မိုင်းတွေ ထပ်ပြီးအသုံးပြုနေတာဟာ အာဏာသိမ်းပြီးကတည်းကဆိုရင် လေးကြိမ်မြောက်ဖြစ်တယ်လို့လည်း Jason Tower က ပြောပါတယ်။
လက်ပံတောင်းကြေနီစီမံကိန်းမှာ အဓိကရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ဝမ်ပေါင်သတ္တုတူးဖေါ်ရေးကုမ္ပဏီကတော့ မြေမြှုပ်မိုင်းစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ တရုတ်ကုမ္ပဏီ ကြေးနီသတ္ထုတူးဖေါ်နေတဲ့ လက်ပန်းတောင်းတောင်တဝိုက်မှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒေသခံ PDF အဖွဲ့ ၁၆ ဖွဲ့လောက် ရှိတဲ့အကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5