အာဆီယံ ဆုံးဖြတ်ချက် လိုက်နာဖို့ မြန်မာစစ်တပ်ကို ကုလမဟာမင်းကြီး တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပေးထားပေမယ့် အခုထိ လိုက်နာတာ မတွေ့ရသေးသလို စစ်အင်အားပါ ထပ်ပြီး ဖြည့်တင်းနေတဲ့အတွက် အခြေနေတွေ ပိုမဆိုးအောင် ကာကွယ်တဲ့အနေနဲ့ ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်မယ်လို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပြုခဲ့ပေမယ့် အဓိကအရေးပါတဲ့ဒေသတွေမှာ စစ်တပ်က အင်အား ဖြည့်တင်း နေတဲ့အတွက် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ လျော့ပါးအောင် စစ်တပ်ဖက်က ကြိုးစားမှု မရှိတဲ့ပုံမျိး တွေ့နေရတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ဒါ့အပြင် နိုင်ငံတလွှား အကြမ်းဖက်မှုတွေ တိုးလာနိုင်ကြောင်း သတိပေးလိုက်သလို လူအများအပြား သေဆုံးပြီး လူသားချင်းစာနာမှု အခြေနေတွေ ပိုဆိုးမလာအောင် ကာကွယ်ဖို့လည်း ပြောခဲ့တယ်" လို့ မစ္စတာ Farhan Haq က ပြောသွားတာပါ။

ကယားပြည်နယ်လို နေရာမျိုးမှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေ သုံးပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွဲနေသလို လူသားဒိုင်းသဖွယ် အသုံးပြုနေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေရကြောင်းလည်း ပြောပါတယ်။ အခုလို မြန်မာနိုင်ငံတွင်း လက်ရှိကြုံတွေ့နေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်သွားစေဖို့ တခြား သြဇာကြီးတဲ့ နိုင်ငံတွေနဲ့ အာဆီယံ အပါအဝင် ဒေသဆိုင်ရာ သံတမန်ရေး ကြိုးစားမှုတွေ တိုးလုပ်ဖို့လည်း ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ရော အရပ်ဖက်လူမှုလူ့အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမယ့် အစား စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အကြမ်းဖက်တွေ အဖြစ်ကြေညာပြီး ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးနေကြောင်းနဲ့ အခု စစ်တပ်အာဏာသိမ်းထားတဲ့ ၄ လအတွင်းမှာပဲ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလျော့ပါးလာပြီး လူ့အခွင့်ရေး ဆိုင်ရာ ဆိုးဝါးတဲ့ အနေထား ရောက်သွားတာတွေ့ရတယ် လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခုအချိန်အထိ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၈၆၀ ကျော်နဲ့ အဖမ်းခံရသူက ၄၈၀၀ ထက်မနည်းရှိနေတာ ဖြစ်ပြီး အခုလို အသက်ဆုံးရှုံးရမှုတွေ၊ လူမှုစီးပွါးရေးရိုက်ခတ်မှု ဒဏ်ခံရတာတွေ အပါအဝင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတာတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့လည်း သတိပေးလိုက်ပါတယ်။

Your browser doesn’t support HTML5

အာဆီယံ ဆုံးဖြတ်ချက် လိုက်နာဖို့ မြန်မာစစ်တပ်ကို ကုလမဟာမင်းကြီး တောင်းဆို


.............

(Unicode)





