မြန်မာသံရုံးဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့ ဝါရှင်မြို့တော် ဆန္ဒပြသမားတွေတောင်းဆို 

(ဓါတ်ပုံ- ကိုရင်အေး)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ အနီးဝန်းကျင်မှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်စားစုတွေ စုစည်းပြီး မြန်မာသံရုံးရှေ့မှာ ဗုဒ္ဓဟူးနေ့က စုဝေး ဆန္ဒပြကြပြီး သံရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ မကြာသေးခင်ကဘဲ နှုတ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာတဲ့ သံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်နဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ၁၇ ရက်မြောက်နေ့မှာ ဒီ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာရှိတဲ့ မြန်မာမိသားစုတွေ၊ ဒီမိုကရေစီအရေး လိုလားသူတွေနဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတွေ စုဝေးပြီး မြန်မာသံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြတာပါ။ သူတို့ဆန္ဒပြရခြင်း အကြောင်းရင်းကိုတော့ ဆန္ဒပြပွဲကို ဦးဆောင် ကျင်းပသူတဦးဖြစ်တဲ့ ကိုရင်အေးက ရှင်းပြပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ဝါရှင်တန်ဒီစီတဝိုက်မှာရှိကြတဲ့ ကျနော်တို့မြန်မာအင်အားစုတွေ အကုန်လုံးက လာပြီးတော့ မြန်မာသံရုံးက သံအမတ်ကြီးနဲ့တကွ သံအမှုထမ်းများအားလုံးကို လူထုရဲ့လှုပ်ရှားမှုဖြစ်တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ကျနော်တို့လာပြီး request လုပ်တာပါ။ ကျနော်တို့တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်။ ကျနော်တို့ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက သံအမှုထမ်းတွေထဲကနေပြီးတော့ ပထမ အတွင်းဝန် ဦးမောင်မောင်လတ်ကလည်း ကျနော်တို့ပြည်သူလူထုဘက်ကို ပူးပေါင်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီနေ့မှာ ဦးမောင်မောင်လတ်နဲ့မိသားစုက လာပြီးတော့မှာ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ရဲရင့်ပြတ်သားစွာ လူထုဘက်က ရပ်တည်ပေးဖို့လာပြီးတောင်းဆိုနေကြခြင်းဖြစ်ပါတယ်။"

ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ မကြာသေးခင်က ရာထူးကနှုတ်ထွက်လိုက်တဲ့ ပထမအတွင်းဝန် ဦးမောင်မောင်လတ်ကလည်း သံရုံးဝန်ထမ်းတွေအနေနဲ့ ရဲရင့် ပြတ်သားစွာ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"သံရုံးအမှုထမ်းများအနေနဲ့လည်း ကိုယ်ကျင့်တရားရှိဖို့နဲ့ ရဲရင့်ပြတ်သားစွာ ရပ်တည်ဖို့ပြောဆိုရဲတဲ့သတ္တိမွေးဖို့ကျနော့်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါပဲခင်ဗျ၊ ကျေးဇူးတင်ပါတယ်။"

ဦးမောင်မောင်လတ်ရဲ့ သမီးတဦးဖြစ်သူ မယွန်းပန်းအိကလည်း သံရုံးဝန်ထမ်းတွေ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ ဒီ ဆန္ဒပြပွဲအခမ်းအနားမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

"ကျမတို့ဆက်လက်ပြီးတော့ လက်ခံလို့မဖြစ်ပါဘူး။ သမီးတို့အားလုံးဆန့်ကျင်ရပါမယ်။ ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့။ အမှန်တရားအတွက် ပြည်သူလူထုဘက်က ရပ်တည်ရပါမယ်။ သမီးက တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။ သစ္စာရှိပေးပါ။ ပြည်သူလူထုဘက်က သစ္စာရှိပေးပါ။ လူတွေရဲ့ ငိုသံတွေကို မထီမဲ့မြင် မပြုကြပါနဲ့။ CDM မှာ ပါဝင်ပေးကြပါ။ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအပေါ်ကို သစ္စာခံပေးကြပါ။ သမီးက တောင်းဆိုပါတယ်။

ရုံးမတက်နဲ့ရုန်းထွက်၊ ရုန်းထွက်။

ရုံးမတက်နဲ့ ရုန်းထွက်၊ ရုန်းထွက်။"

ဝါရှင်တန် ဒီစီမြို့မှာရှိနေတဲ့ မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားတဲ့စာကို ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာရှိတဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြသူတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာသံရုံးဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့ ဝါရှင်မြို့တော် ဆန္ဒပြသမားတွေတောင်းဆို


................


(Unicode)









