မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအများစုမှာ မိုးများရေကြီးနိုင်​​​​​​​

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလွှမ်းမိုးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၂၊ ၂၀၂၄)

ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ခုရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ်အများစုမှာ မိုးများရေကြီးတာနဲ့ ရုတ်တရက် မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မယ်ဆိုင်ချောင်းနဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်၊ ရွှေကျင်မြစ်ရေဟာ ဒီနေ့မနက်ပိုင်းမှာ ရေတက်လာပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်တဲ့အခြေအနေရှိတာမို့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းက ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်းမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးထားပါတယ်။ရန်ကုန်က သတင်းပေးပို့ထားတာပါ။

မုန်တိုင်းငယ်အရှိန်ကြောင့် ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ဒေသတချို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ မိုးများလာတဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ မွန်၊ ကရင်၊ တနင်္သာရီ ပြီးသွားရင် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသရှမ်းပြည်ပေါ့နော်။ ရှမ်းပြည်နယ်တို့မှာ နေရာကွက်မိုးကြီးတာတို့၊ကွက်ကျားမိုးကြီးတာတို့ အရိပ်ကလေးဖြစ်နိုင်တာပေါ့နော်။ တိမ်တိုက်တွေက ရှမ်းပြည်နယ်ကို ဖြတ်ပြီးတော့မှ မြန်မာနိုင်ငံအလယ်ပိုင်း အဲ့ထိလည်း သူက ရောက်လာတဲ့အနေအထားမျိုးလည်း တွေ့ရတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် အလယ်ပိုင်းနဲ့ ဒေသတချို့မှာလည်း နေရာကွက် မိုးကြီးတာတွေ ဒါမျိုးတော့ ရှိနိုင်ပါတယ်ခင်ဗျ။”

ဒီနေ့မနက်ပိုင်းလောက်က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး မိုးအရှိန်ကြောင့် ဆက်လက် တက်လာနိုင်တယ်လို့ မိုးဇလ ဦးကျော်မိုးဦးက ပြောပါတယ်။ အလားတူပဲခူးတိုင်း စစ်တောင်းမြစ်နဲ့ ရွှေကျင်မြစ်ရေလည်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်တဲ့ အခြေအနေရှိနေပါတယ်။

ဒါကြောင့် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းက ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလို သတိပေးပြောပါတယ်။

“ ဒီမနက်မှာပဲပေါ့နော် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်မှာရှိတဲ့ မယ်ဆိုင်ချောင်း အခုလက်ရှိ စိုးရိမ်ရေမှတ်ရောက်နေပြီးပေါ့နော်။ စိုးရိမ်ရေမှတ် ကျော်နေတဲ့ အနေအထားမျိုးရှိတယ်။ ဆက်ပြီးတော့ မိုးရွာအုံးမှာဆိုတော့ ထပ်ပြီးတက်လာမယ်အနေအထား မျိုးရှိတယ်။ ဒီရက်ပိုင်းမှာ မိုးများလာနိုင်တဲ့အတွက်ကြောင့်မို့လို့ စစ်တောင်းမြစ်တို့၊ရွှေကျင်မြစ်တို့ပေါ့နော်။ စစ်တောင်းမြစ်က ဒီမနက်က စိုးရိမ်မှတ်အထက်ကို အဆင့် ၄၊ ၅ လောက်ကျော်နေပြီးပေါ့နော်။နောက်ရက်မှာ ထက်ပြီးတက်လာနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ စစ်တောင်းမြစ်ရေတက်လာပြီဆိုရင် စစ်တောင်းမြစ်နဲ့ ဆက်စပ်နေတဲ့ ရွှေကျင်ပေါ့နော်၊ ရွှေကျင်မှာလည်း မြစ်ရေမြင့်တက်လာတဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ ဒီရက်ပိုင်းကတော့ မိုးကတော့ တနိုင်ငံလုံးမှာတော့ ပျံပျံနှံ့နှံ့ ရွာနိုင်တဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ တချို့ဒေသမှာတော့ နေရာကွက်မိုးကြီးနိုင်တဲ့ အနေအထားမျိုးရှိတယ်ဆိုတော့ အဓိကတော့ မြစ်ဘေးချောင်းဘေး နေတဲ့သူတွေအနေနဲ့ပေါ့နော် သတိပြုဖို့တော့ လိုပါတယ်။”

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းအနီး အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်နေပြီးလို့ မြို့ခံတဦးက ပြောပါတယ်။ တာချီလိတ်မြို့မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ၇ ကြိမ်ထက်မနည်း ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့ ရေကြီးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြို့ခံက ခုလို ပြောပါတယ်။

“အရင်လက နည်းနည်းဆိုးဆိုးများတာတကြိမ်ပဲ ရှိတယ်။ အရမ်းရေများတာလေ တကြိမ်ပဲ။ ပြောင်းရွှေ့ရလောက်တဲ့အထိပေါ့။ အခုရေတက်တာဆို ပုံမှန်ကတော့ အနိမ့်ပိုင်းပေါ့၊ တာလော့တို့၊ မကာဟိုခမ်းတို့ဘာတို့တော့ ဘောင်းလောက်၊ခါးလောက်ပေါ့ အဲ့လောက်တက်တယ်။ ဒါပေမယ့်လည်း ဒီနှစ်ဒီချိန်ရေကြီးမယ်ဆိုတာ နှစ်စဉ်လိုဆိုတော့ ကိုယ့်ကိုယ်ကိုယ်သိနေပြီးဆိုတော့ ပစ္စည်းတွေ အမြင့်မှာထားတာတော့ ကြိုလုပ်ထားတယ်ဆိုတော့ ထပြီးတော့ အိမ်ပြောင်းရွှေ့ရတယ်ဘာတွေ မရှိဘူးပေါ့။ တကယ်လို့ ညနေဘက် တောင်ကျရေရှိရင်တော့ ညနေကျရင်တော့ တက်မယ်ထင်တယ်၊အခုလောလောဆယ်တော့ အရင်တက်သလောက်ပဲပေါ့ တအားကြီးတော့ မစိုးရိမ်ရသေးဘူး၊ ဟုတ်။”

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မိုးများရေကြီးမှုနဲ့အတူ မယ်ဆိုင်ချောင်းရေတက်တာကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကိုလည်း ယာယီပိတ်ပစ်လိုက်ရတဲ့ အခြေအနေအထိ ရေကြီးမှုဒဏ် ခံခဲ့ရပါတယ်။

တာချီလိတ်မြို့ဟာ မိုးရွာတာနဲ့ တောင်ကျရေနဲ့ ချောင်းရေပြည့်လျှံမှုကြောင့် နှစ်စဉ်ရေကြီးဒဏ်ကို ခံနေရတာမို့ အခုတခါလည်း အိမ်တွေ၊ ဆိုင်တွေ ပစ္စည်းဆုံးရှုံးမှုမရှိအောင် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းထားပြီး ရေဘေးသင့်သူတွေကိုကယ်ထုတ်နိုင်ဖို့ အခြေအနေစောင့်ကြည့်နေတယ်လို့ တာချီလိတ် လူမှုကူညီရေးအသင်းနဲ့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် စက်တင်ဘာလ ၉ ရက် ဒီနေ့မနက်ပိုင်း ကနေ ၁၂ ရက်နေ့အတွင်း နေပြည်တော်၊ စကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့က နေရာစိပ်စိပ် ကနေနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ ဒေသတွေကတော့ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီးလှိုင်းကြီးမယ်လို့ ပြောပါတယ်။ မိုးသက်လေပြင်းကျရောက်တဲ့အချိန်မှာတော့ ရေပြင်မြေပြင်လေက တစ်နာရီ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်းနဲ့ လှိုင်းအမြင့် ၉ ပေ ကနေ ၁၂ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၊ ရုတ်တရက် ရေကြီးမြေပြို စတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းဘေး နေထိုင်သူတွေဟာ ကြိုတင်သတိပြုကြဖို့နဲ့ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ ကမ်းလွန်ပင်လယ်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက သတိပေးထားပါတယ်။