ထိုင်း တာ့ခ်ပြည်နယ်ထဲ အထောက်အထားမဲ့မြန်မာ ၁၆ ဦးဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အထွက်ဂိတ်က အာလူးကားပေါ်မှာ တရားမဝင်တင်ဆောင်ခေါ်ယူလာတဲ့ အလုပ်ရှာဖွေသူ မြန်မာများကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ်။ (၀၄၊ ၁၁၊ ၂၀၂၂/ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/unicode]]


မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေသူတွေ နေ့စဉ်လိုရှိနေတာမှာ ဒီနေ့ ဧပြီလ ၁၂ ရက်မှာ တာခ့်ပြည်နယ်ထဲရောက်လာသူ ၁၆ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ မနေ့ တနင်္လာနေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ စစ်ဆေးရေးဂိတ်မှာ အာလူးတွေတင်လာတဲ့ ဟင်းသီးဟင်းရွက်ကားထဲ ပုန်းအောင်းလိုက်လာသူ ၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဧပြီလအတွင်း ခုချိန်ထိ ထိုင်းနိုင်ငံကို မြန်မာဘက်က တရားမဝင် ဝင်လာသူ ၅၆၀ ထက်မနည်း ဖမ်းဆီးခံရတဲ့ အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံထဲကပြည်နယ်တွေထဲ တရားမဝင် နယ်စပ်ဖြတ်ဝင်လာသူတွေကို ထိုင်းနိုင်ငံဘက်က တင်းတင်းကြပ်ကြပ် စောင့်ကြည့် တားဆီးနေပေမဲ့လည်း မြန်မာနိုင်ငံဘက်က ဝင်လာသူနေ့စဉ်လို ရှိနေပါတယ်။ ဒီနေ့ ဧပြီလ ၁၂ ရက်နေ့မှာ မြဝတီဘက်ကနေ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကို တရားမဝင်ရောက်လာသူ ၁၆ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

မနေ့ တုန်းကလည်း မဲဆောက်မြို့ စစ်ဆေးရေးဂိတ်မှာ အာလူးတွေတင်လာတဲ့ ဟင်းသီးဟင်းရွက်တင်ကားထဲ ပုန်းအောင်းလိုက်လာသူ ၇ ယောက်ကို ဖမ်းမိပါတယ်။ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကိုသွားတဲ့ ဟင်းသီး ဟင်းရွက်တင်ကားထဲ လူကုန်ကူးသူတွေ ဖွက်ပြီး ခေါ်လာသူတွေဖြစ်ပါတယ်။ ဒီနေ့ ဧပြီ ၁၂ ရက်နေ့ အထိ ဧပြီလထဲ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာသူ ၅၆၀ ထက်မနည်း ရှိနေပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်

“ဧပြီလ ၁၂ ရက်နေ့တုန်းက မြဝတီမြို့နယ်ထဲကနေ တာ့ခ်ပြည်နယ်မဲဆောက် မဲဆောက်ထဲကို ဝင်လာတာ မြန်မာ ၁၆ ယောက်ရှိတယ်။ နောက် မနေ့ က ဧပြီလ ၁၁ ရက်နေ့တုန်းက တရားမဝင်မြန်မာ ဝင်ရောက်မှု ဖြစ်စဉ် ၂ ခုရှိပါတယ်။ တခုကတော့ မဲဆောက်အထွက် ပထမစစ်ဆေးရေးဂိတ်မှာ အာလူးတင်တဲ့ သီးနှံကားမှာ ပုန်းအောင်းပြီးလိုက်လာတဲ့ မြန်မာ ၇ ယောက်၊ ဒုတိယအုပ်စုကတော့ မြဝတီဘက် မြန်မာဘက်ကနေ ထိုင်းဘက် မဲဆောက်ဘက်ခြမ်းကို ဝင်ရောက်လာတဲ့ အဖွဲ့၃ ဖွဲ့ ရှိပါတယ်။ ပထမတဖွဲ့က ၇ ယောက်၊ ဒုတိယအဖွဲ့က ၁၂ ယောက်၊တတိယအဖွဲ့က ၂၈ ယောက်။ စုစုပေါင်း ၄၇ ယောက်ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ ထိုင်းနဲ့မွန်ပြည်နယ် နယ်စပ် ကမ်ချနဘူရီဘက်မှာ ခရိုင်ဒေသ ၃ ခု၊ နေရာ ၃ ခုမှာ တရားမဝင် ၃၇ ယောက်ဖမ်းမိပါတယ်။ ၂၀၂၂ ဧပြီလ ၁ ရက်နေ့ကနေ ဒီနေ့ ၁၂ ရက်နေ့အထိ တရားမဝင် မြန်မာ ၅၆၀ ဦး၊ လူပွဲစား ၆ ယောက် အဖမ်းခံရပါတယ်။”

ထိုင်းနယ်စပ်ဒေသတွေနဲ့ ထိုင်းနိုင်ငံအနှံ့အပြားမှာ လူကုန်ကူးမှုတားဆီးနိုင်ရေး အဖမ်းအဆီးတွေ အရမ်းများနေတဲ့အတွက် အသီးအနှံတင်တဲ့ကားတွေထဲမှာ လူတွေကို ဝှက်ပြီး သယ်ဆောင်တာမျိုး လူပွဲစားတွေက လုပ်နေတာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းမြန်မာနယ်စပ်တွေမှာသာမက အယုဒ္ဒယပြည်နယ်၊ ဆုံခလာပြည်နယ်၊ ထိုင်း မလေးရှားနိုင်ငံ နယ်စပ်အထိ လူကုန်ကူးခံရတဲ့မြန်မာတွေကို အစုလိုက် အပြုံလိုက် ဖမ်းမိနေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ မကောင်းလှတာကြောင့် အလုပ်အကိုင်ရဖို့အတွက် ထိုင်းနိုင်ငံအတွင်းပိုင်းအထိ ရောက်အောင် လူကုန်ကူးသူတွေကို အခကြေးငွေအများအပြားပေးပြီး လာနေကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

“ဘတ်ငွေ ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကျော်ထိလောက်ပေးရပါတယ်။ မလေးရှားထိ သွားမယ့် သူတွေကတော့ ဆုံခလာပြည်နယ်အထိအရောက်ကို ဘတ်ငွေ ၃၀,၀၀၀ လောက်ထိ ပေးရတယ်လို့သိရပါတယ်။”

မြန်မာကျပ်ငွေနဲ့ဆိုရင် ၁၃ သိန်းလောက်အထိ လူကုန်ကူးခပေးပြီး သွားနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့အပါအဝင် နယ်စပ်ဒေသတွေကနေ လူကုန်ကူးတွေနဲ့ တရားမဝင် ဝင်လာသူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နယ်စပ်တွေမှာ ပိုမိုကင်းလှည့်စစ်ဆေးကြဖို့ ထိုင်းအစိုးရက ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို ဖေဖေါ်ဝါရီလကတည်းက ညွန်ကြားထားပါတယ်။

Your browser doesn’t support HTML5

ထိုင်း တာ့ခ်ပြည်နယ်ထဲ အထောက်အထားမဲ့မြန်မာ ၁၆ ဦး ဖမ်းဆီး

================

[[unicode]]










================