[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ နောက်တကြိမ် ကျင်းပဖို့ ရှိနေချိန်မှာပဲ နိုင်ငံရေးမှာ စစ်တပ်က သြဇာလွှမ်းမိုးနေတာတွေကို လျှော့ချရေး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကြိုးပမ်းမှုတွေအပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို တပ်မတော်သား ကိုယ်စားလှယ်တွေ နေရာယူထားသလို အစိုးရရဲ့ အရေးပါတဲ့ နေရာတွေကိုလည်း ချုပ်ကိုင်ထားတာတွေကို NLD အစိုးရက လျှော့ချဖို့ ကြိုးပမ်းတာတွေ ရှိပေမဲ့ အောင်မြင်မှုမရတဲ့အပေါ် မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။ NLD ပါတီ ပြောခွင့်ရ မုံရွာဦးအောင်ရှင်ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတဲ့ ယူဆချက်တွေကြောင့် အခုလို အခြေအနေနဲ့ ကြုံနေရတာလို့ ပြောပါတယ်။
SEE ALSO: မဲဆန္ဒရှင်စာရင်းထုတ်ပြန်မှု အမှားအယွင်းတချို့ရှိနေ“ကျနော်တို့နဲ့ အဲဒီနိုင်ငံတွေက ခြားနားတဲ့ အခြေအနေတွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၇၀ ကျော်အမြစ်တွယ်လာတယ်။ အဲဒါဟာ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ပဲ။ ပြည်တွင်းလက်နက်ကိုင် ရှိနေသမျှတော့ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ရှိနေဦးမှာပဲဆိုတဲ့ ယူဆတဲ့အပိုင်းကလည်း ရှိနေတယ်။ တနည်းအားဖြင့်ပြောရရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုအခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ တဆက်၊ တဆက်တည်း စဉ်းစားပြီးတော့ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရပဲ ကြိုးစားကြရတာဖြစ်တယ်လို့ ပြောချင်ပါတယ်။”
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး စတင်ရေးဆွဲစဉ်ကတည်းက ကန့်ကွက်ခဲ့တဲ့ NLD ပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း ပြင်ဆင်ဖို့ ကြိုးပမ်းမယ့်အကြောင်း ကတိပြုခဲ့တာပါ။ ဒါပေမဲ့လည်း NLD ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်သက်တမ်း ၄ နှစ်ကျော်လာတဲ့ အချိန်အထိ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ နိုင်ငံရေးအကဲခတ် ဦးတင်မောင်သန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့တာဟာ NLD ပါတီက တပ်မတော်နဲ့ သင့်မြတ်ရေးကို ဦးစားပေးခဲ့တဲ့အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်တဲ့ကာလကို ဖြတ်သန်းနေရတယ်။ အဲဒီအခါမျိုးမှာ အဲဒီအချက်တွေကို ဆောင်ရွက်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်မလားဆိုတာကို ပြန်ပြီးချင့်ချိန်ရတယ်။ အခုထိ အဲဒါတွေကို မလုပ်ခဲ့တာကတော့ အဲဒီယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားမှာစိုးလို့လို့ ယူဆရတယ်ပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး သွားတဲ့လမ်းကြောင်းကို ရွေးချယ်တယ်လို့ ယူဆရတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ထင်တယ်။”
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းရာက NLD ပါတီခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေကိုပါ အကာအကွယ်ပေးရာ ရောက်နေတယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်တာတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Fortify Rights ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသုတေသီ Nickey Diamond ကတော့ NLD ပါတီအနေနဲ့ စစ်တပ်ကို အလျှော့ပေး လိုက်လျောလွန်းတယ်လို့ မြင်ပါတယ်။
“ဒါပေမဲ့ NLD က အခုလက်ရှိမှာ စစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ လုပ်နေတယ်။ ဒါပေမဲ့ စစ်တပ်ကို အပေးအယူသဘောမျိုးကစားတယ်ဆိုတဲ့ ကစားကွက်မျိုး မတွေ့ရဘူး။ ဆိုလိုချင်တာက NLD က လူထုအင်အားကိုလည်း ယူထားမယ်၊ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ရမယ့် တချို့နေရာတွေမှာ ထိပ်တိုက်တွေ့ပြီးတော့ အလျှော့ပေးရမယ့်နေရာတွေမှာ အလျှော့ပေးရမယ်။ အလျှော့အတင်းရှိရမယ်ပေါ့။ စစ်တပ်ကလည်း သူလိုချင်တာရှိမယ်၊ သူပေးနိုင်တာရှိမယ်။ အခုလက်ရှိမှာ NLD က တောက်လျှောက်လုံး စစ်တပ်ကိုပဲ ပေးပြီးကစားနေတယ်ပေါ့။ Constitution (ဖွဲ့စည်းပုံအရ) ၂၅ ရာခိုင်နှုန်း အသာပေးထားရတယ်၊ တခြားနေရာတွေမှာလည်း အသာပေးလိုက်ရတာတွေ အများကြီးရှိတယ်ပေါ့။ လူထုအင်အားကို သုံးပြီးတော့ တင်းသင့်တဲ့နေရာမှာ တင်းခဲ့မယ်ဆိုရင် တချို့အပြောင်းအလဲတွေ ရှိနိုင်တယ်ပေါ့။”
NLD ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းနေပေမဲ့ လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအပြင်၊ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီ တချို့ကပါ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု မရရင် ပြင်ဆင်လို့မရနိုင်ဘဲ ဖြစ်နေတာကြောင့် တခြားနည်းလမ်းပေါင်းစုံကိုပါ စဉ်းစားသွားမယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ပြောပါတယ်။
SEE ALSO: အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှုမရဘဲ အဆုံးသတ်“နည်းမျိုးစုံပေါ့။ လက်တွေ့အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တယ်၊ သို့မဟုတ် ပြင်လို့မရရင် လွှတ်တော်ထဲမှာရှိတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ဘယ်လိုအပေးအယူလုပ်ရမလဲ၊ ဘယ်လို ညှိနှိုင်းရမလဲဆိုတာတွေ ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားနေကြပြီလို့ပဲ ကျနော်ယုံကြည်ပါတယ်။”
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အဆင့် ၃ ဆင့်နဲ့ လျှော့ချဖို့ NLD ပါတီက ဥပဒေကြမ်း တင်သွင်းပြီး ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့် အရာမထင်ဖြစ်ခဲ့တာပါ။ NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအပေါ် ရွေးချယ်ခံ မဟုတ်တဲ့သူတွေက လွှမ်းမိုးတာမျိုးမဖြစ်စေပဲ ဒီမိုကရေစီဆန်ဆန် ဖြစ်စေချင်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]