မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွေကစပြီး မြန်မာပြည်အနှံ့ ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေဟာ အခိုင်အမာရှိတယ်လို့ယူဆကြတဲ့ စစ်ကောင်စီအာဏာကို လှုပ်ခတ်လာပြီလို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီအနေနဲ့ မြန်မာအများစုရှိတဲ့နေရာကို ထိန်းထားနိုင်သရွေ့ တိုင်းပြည်ကိုထိန်းထားနိုင်မယ့်သဘောရှိတယ်လို့လည်း ယူဆကြပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
မြန်မာစစ်အာဏာရှင်ကို တော်လှန်လာခဲ့တဲ့သမိုင်းကြောင်းတလျှောက်မှာ အများစုက ပြောက်ကျားစစ်ဗျူဟာသုံးပြီး လက်နက်၊ လူသူ အင်အားကြီးတဲ့စစ်တပ်ကို ခုခံကြလေ့ရှိတာပါ။ ရှမ်းမြောက်မှာ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့က စလိုက်တဲ့ ၁၀,၂၇ စစ်ဆင်ရေးကတော့ အရင်နဲ့ မတူတဲ့စစ်ရေးနည်းဗျူဟာအသစ်ဖြစ်ပြီး မြို့သိမ်း၊ နယ်သိမ်း ထိုးစစ်ပုံစံ ဖြစ်လာနေပါတယ်။ အဲဒီနောက်ဆက်တွဲကပ်လျက် ဆက်တိုက်ဖြစ်လာတဲ့ နိုင်ငံတဝန်းက စစ်ရေးအရှိန်မြှင့်တင်မှုတွေကလည်းပြောက်ကျားစနစ်မဟုတ်တော့ဘဲ ထိုးစစ်အများအပြား အချိန်ကိုက် ဆင်နွှဲလာနိုင်တဲ့ နယ်မြေစိုးမိုးမှုတိုက်ပွဲတွေအဖြစ် ဖော်ဆောင်လာနေပါတယ်။ အခုလို စစ်ရေး အရှိန်မြှင့်လာတာက၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အတွက် အကြီးဆုံးစိန်ခေါ်မှု အခက်အခဲ ဖြစ်နေတယ်လို့ သံတမန်တွေနဲ့
လေ့လာသူတွေကနိုင်ငံတကာမှာ သုံးသပ်နေကြပါတယ်။
Your browser doesn’t support HTML5
ဒါ့အပြင်၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုလတ်တလော ထိုးစစ်တွေမတိုင်ခင် အချိန်အထိ နိုင်ငံတကာ သံတမန် တွေအပါအဝင် လေ့လာသူအများစုက ဒီစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား အခြေအနေက ရှေ့မတိုးနောက်မဆုတ် အနေအထားနဲ့ ကာလရှည်ကြာ ပဋိပက္ခတွေဆက်ဖြစ်နေမယ်လို့ အရင် မြန်မာ့သမိုင်းဖြစ်စဥ်တွေကိုကြည့်ပြီး သုံးသပ်လေ့ရှိကြပါတယ်။ တချိန်ချိန်မှာတော့ ‘စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာရမှာပဲ’ ဆိုပြီး ရိုးရိုး တွေးနဲ့ ရှုမြင်ကြလေ့ရှိကြတာပါ။ ဒါဟာ မျက်မှောက်ဖြစ်စဥ်ကို သေသေချာချာလေ့လာပြီး သုံးသပ်ထားချက် မဟုတ်တဲ့မှားယွင်းတဲ့ယူဆချက်လို့ ၁၀,၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလကုန် ကနဦးမှာကတည်းက အာရှ-ပစိဖိတ်ဒေသ စစ်ဘက်နဲ့လုံခြုံရေး အထူးပြု လေ့လာသုံးသပ်သူ အန်တိုနီဒေးဗစ် (Anthony Davis) က အေးရှားတိုင်မ်း မှာ သုံးသပ်ခဲ့ပါတယ်။
သြစတြေးလျအမျိုးသားတက္ကသိုလ်က အရှေ့တောင် အာရှ ရေးရာ လေ့လာသူ ဟန်တာမာစတန် (Hunter Marston) ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေရဲ့ ထိုးစစ်တွေက လေ့လာသုံးသပ်နေကြသူတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့က Stimson Center ရဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးထားပါတယ်။
“စစ်ဆင်ရေး ၁၀/၂၇၊ ၁၁/၀၇ ဒါမှမဟုတ် ၁၁/၁၁ တွေက အကဲခတ်သူတွေကို သေချာပေါက် တုန်လှုပ်စေခဲ့ပြီး စစ်အစိုးရဟာ အစဉ်အလာ နားလည်ထားတာထက် ပိုပြီး အားနည်းနိုင်ခြေ ရှိနေတယ်ဆိုတာကို ကျနော်တို့ကို အချက်ပေး ပြသလိုက်တာလို့ ကျနော် ထင်ပါတယ်။ မြန်မာမူဝါဒတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို အကြံပေးနေတဲ့ သူတွေ၊တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေဆီကိုလည်း အလားတူ အသိအမှတ်ပြု သုံးသပ်မှုမျိုး ကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်။”
‘ဝ’ နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပျက်နေတာတွေကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ဖို့ တရုတ်ဘက်က ဆန္ဒရှိပုံရတယ်လို့လည်း မာစတန်ကသုံးသပ်ပြီး အခုလတ်တလော တရုတ်ဘက်က နိုင်ငံခြားရေးနဲ့လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေ နေပြည်တော်ကို ဆက်တိုက် လွှတ်ခဲ့တာနဲ့ မြန်မာဘက်ခြမ်းနယ်စပ်မှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာမြေပေါ်စေလွှတ်ခဲ့တာကို သူက ဥပမာပေးပါတယ်။
လေ့လာသူတဦးဖြစ်တဲ့ ဟောင်ကောင်တက္ကသိုလ် နိုင်ငံရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ Enze Han ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဟာစစ်ကောင်စီအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တပ်တွေ ပြန်စုစည်းနိုင်ဖို့ မြန်မာနိုင်ငံက တခြားဒေသကတပ်တွေကို ဆွဲထုတ်ရတာမျိုးလုပ်ရတော့မယ်လို့ AFP မှာ နိုဝင်ဘာ အစောပိုင်းမှာ သုံးသပ်ထားပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ မြန်မာအများစု ရှိတဲ့ နေရာကို ထိန်းထားနိုင်ရင်တော့ သူ့ အာဏာ ဆက်ထိန်းထားနိုင်ဦးမယ့် အနေအထားလို့ သူက ထောက်ပြခဲ့ပါတယ်။
“တနည်းပြောရရင်အခါအားလျော်စွာ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မျိုးစုံကို ရှုံးတယ်ဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်း ကရင်ပြည်နယ်မှာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်နေတာပါ။ ဒါပေမယ့် အဲဒါက တနိုင်ငံလုံးအတိုင်းအတာနဲ့ရှုံးနေပြီလို့တော့ ပြောလို့ မရသေးပါဘူး။ ဗမာအများစုရှိတဲ့ အလယ်ပိုင်းဒေသတွေကို ထိန်းထားနိုင်သရွေ့တော့ သူတို့ရဲ့ထိန်းချုပ်မှုဟာ အတိုင်းအတာတခုအထိ လုံခြုံနေဦးမယ့်သဘောပါ။”
မြောက်ပိုင်းအဖွဲ့တွေရဲ့ ထိုးစစ်အန္တိမရည်မှန်းချက်က သူတို့ပိုင်ဆိုင်တယ်လို့ယူဆတဲ့ သီးခြားနေရာတခုမှာ ‘သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုထိန်းသိမ်းထားဖို့အတွက်’လို့ ဒေါက်တာဟန်က သုံးသပ်ပြီး ဒီအဖွဲ့တွေမှာ လွတ်လပ်ရေး ကြေညာနိုင်တဲ့ အခြေအနေတော့မရှိဘူးလို့ သူက ဆိုပါတယ်။
တဖက်မှာတော့မြန်မာပြည်အခြေစိုက် သံတမန်အသိုင်းအဝန်းက လက်ရှိအခြေအနေဟာ “အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အင်အားအနည်းဆုံးအချိန် ဖြစ်တယ်” လို့ ရိုက်တာသတင်းမှာ ဒီရက်ပိုင်းထဲ သုံးသပ်ထားကြပါတယ်။စစ်ကောင်စီဘက်မှာ အင်အားနည်းနေပြီး နယ်မြေတွေ ပိုလက်လွှတ်ဆုံးရှုံးရနိုင်ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပြိုကျလုနီးပါးဖြစ်နိုင်ခြေကအလှမ်းဝေးတယ်လို့ သံတမန်တွေက သုံးသပ်ကြတယ် ဆိုပါတယ်။
Your browser doesn’t support HTML5
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ ညှိနှိုင်းတိုက်ခိုက်မှု” တွေလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့စစ်စခန်း ၁၀၀ ကျော်ကိုသိမ်းနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ အခွန်ငွေရင်းမြစ်တွေဖြစ်တဲ့ အဓိကကျတဲ့ နယ်စပ်လမ်းကြောင်းတွေကိုလည်း အာဏာသိမ်း စစ်ကောင်စီဟာ နှစ်ပတ်အတွင်းဆုံးရှုံးခဲ့ရကြောင်းအမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) Think-tank သုတေသန အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့စစ်ကောင်စီကြား ဆက်ဆံရေးကလည်း တင်းမာနေတယ်လို့ နိုင်ငံတကာ သံတမန်တွေက သုံးသပ်နေပြီး ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်တဲ့ “ညီနောင် မဟာမိတ်အဖွဲ့” ဦးဆောင်တဲ့ ရှမ်းမြောက် ထိုးစစ်ဟာ တရုတ်ကသာ ဆန့်ကျင်ကန့်ကွက်ခဲ့မယ်ဆိုရင် လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ အဲဒီ သံတမန်တွေက ရိုက်တာသတင်းမှာ သုံးသပ်ထားပါတယ်။
ဟောင်ကောင်တက္ကသိုလ်ကဒေါက်တာဟန်ရဲ့ AFP သတင်းမှာ ပြောဆိုထားချက်ကတော့ တရုတ်နဲ့ နယ်စပ် ကုန်သွယ်မှုက ရပ်တန့်သွားပြီး အခြေအနေတွေ ပြန်ကောင်းဖို့ စောင့်နေရုံပဲ ရှိတော့တယ်လို့ဆိုပါတယ်။ ဒါဟာ တရုတ်ရဲ့ရည်မှန်းချက် ကြီးမားလှတဲ့ ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်း(BRI) စီမံကိန်းတွေအပေါ်မှာသွားပြီး အကျိုး သက်ရောက်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“တကယ်လို့မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်ငြိမ်ဘူးဆိုရင် BRI စီမံကိန်းတွေအကြောင်း ပြောနေလို့ ဘာအကျိုးရှိဦးမလဲ။ပြောချင်တာက ပြည်တွင်းတည်ငြိမ်မှုမရှိရင် တည်ငြိမ်တဲ့ စီးပွား ဆက်ဆံရေးမရှိနိုင်သလို အခြေခံအဆောက်အအုံနဲ့ စီးပွားရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါဘူး။”
Your browser doesn’t support HTML5
သြစတြေးလျအမျိုးသားတက္ကသိုလ်က လေ့လာသူ ဟန်တာမာစတန်ကတော့ လူအများယူဆထားကြတဲ့ တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေးလိုလားတယ်ဆိုတာ မှားယွင်းတဲ့ ယူဆချက်လို့ ရှုမြင်ပါတယ်။
“တရုတ်က သူ ခိုင်းသလိုလုပ်ပြီး အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံမျိုးကို အလိုရှိတာပါ။ တခြား အိမ်နီးချင်းနိုင်ငံတွေမှာလည်း သူတို့ အဲဒီလို ကျင့်သုံးပါတယ်။ တခြားနိုင်ငံတွေကို လွှမ်းမိုးနိုင်ဖို့အတွက် သူ့အကျိုးစီးပွားကိုဆောင်ရွက်မယ့် လက်ဝေခံတွေထားဖို့ အလိုရှိပါတယ်။ ညီညွတ်ပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ မြန်မာနိုင်ငံကို မလိုချင်ပါဘူး။ အနောက် ဒီမိုကရေစီနိုင်ငံတွေနဲ့ မဟာမိတ် မလုပ်နိုင်မယ့် ကွဲပြားပြီးအားနည်းနေတဲ့ နိုင်ငံမျိုးကို ပိုလိုချင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်မှာလည်း ကောင်းမွန်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို သူက ဥပမာပေးပြီး တကယ်တော့ ဒီမိုကရေစီမြန်မာနိင်ငံကသာ တရုတ်နိုင်ငံအတွက် ပိုကြီးမားတဲ့ အတိုင်းအတာအထိ အကျိုးရှိစေမယ်လို့ ထောက်ပြပါတယ်။ စစ်အစိုးရကသာ သူ့ရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအကျိုးစီးပွားကို အန္တရာယ်ဖြစ်စေကြောင်း တရုတ်အနေနဲ့ ပိုပြီး လျင်လျင်မြန်မြန်နဲ့ သိလာခဲ့ရင် အာဏာသိမ်းစစ်တပ် ဆက်ပြီး တိုက်ပွဲဝင်နိုင်မယ့်အနေအထားကို ကန့်သတ်ဖို့မျှော်လင့်ရတယ်လို့ ဟန်တာမာစတန်က သုံးသပ်ပြီး ဒါကသာ ရေရှည်မှာ တရုတ်ရဲ့အကျိုးစီးပွားကို အကျိုးပြုမယ်လို့ ယူဆကြောင်း Stimson Center ရဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပြောပါတယ်။
SEE ALSO: နိုင်ငံတကာအကျပ်အတည်းတွေကြား အာဆီယံနဲ့မြန်မာ့အရေးအရှေ့တောင်အာရှ စစ်ရေး၊ လုံခြုံရေး လေ့လာသူ အန်တိုနီဒေးဗစ်ရဲ့ မြန်မာ့နွေဦး တော်လှန်ရေးအပေါ် အေရှားတိုင်းမ် (Asia Times) မှာ အောက်တိုဘာလကုန်က ခြုံငုံ သုံးသပ်ထားချက်မှာတော့ ကျေးလက်ဒေသအခြေပြု တော်လှန်ပုန်ကန်မှုကနေစတင်ခဲ့တဲ့မြန်မာ့တော်လှန်ရေးဟာဖြေးဖြေးမှန်မှန်နဲ့ ပြောင်းလဲလာနေပြီး မျက်မှောက်မှာတော့ တော်လှန်ရေး အင်အားစုတွေဘက်က မြို့ပြမှာပါ တဖြည်းဖြည်းနဲ့ အသာစီးရလာပြီဆိုတဲ့လားရာကို ပြနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက မြို့နယ် ၃၃၀ က နေ့စဉ် ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာသူ အနောက်တိုင်း ထောက်လှမ်းရေး လေ့လာသူတဦးကို ကိုးကားပြီး အေရှားတိုင်းမ်ရဲ့ ရေးသားချက်မှာ အဓိကပဋိပက္ခ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ဆင်ရေးတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ မြို့ပြအခြေပြု ဖြစ်နေပြီး ဒါဟာ နှစ်ဆန်းပိုင်းက ၂၀ ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ မြင့်တက်လာတာလို့ ဆိုပါတယ်။ မကွေးတိုင်းထဲမှာ ဆိုရင် ၂၀၂၃ ခုနှစ်စက်တင်ဘာလထဲမှာ တိုက်ခိုက်မှုတွေရဲ့ ၂၈ ရာခိုင်နှုန်းက မြို့ပေါ်တွေမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနစ်ရဲ့စစ်ရေးအပြောင်းအလဲတွေဟာ တော်လှန်ရေးပထမ ၂ နှစ်တာကာလထက် ပိုမိုရှင်းလင်းပြတ်သားလာပြီး အာဏာသိမ်း စစ်ကောင်စီဟာ နေပြည်တော်မှာသာ အခိုင်အမာရှိနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က နိုင်ငံတဝန်း မြို့ပြတွေအထိ ပိုစိုးမိုးလာနိုင်မယ့်အနေအထား ဖြစ်လာနေတယ်လို့ နိုင်ငံတကာက လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
Your browser doesn’t support HTML5