(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ စောင့်ကြည်ရေး မကြာခင်က ပိတ်ပင်ခံခဲ့ရတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမူအဖွဲ့ (PACE) ကို ပြန်ခွင့်ပြုလိုက်ပါပြီ။
ဘယ်လိုဖြစ်သွားတာပါလဲ။ PACE အဖွဲ့အနေနဲ့ ဒီအပေါ်ဘယ်လိုသဘောထားပြီး၊ ဒီနေ့ သြဂုတ် (၁၈) ရက်နေ့၊ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ သွားဆွေးနွေးတဲ့အခါ ဘာတွေဆွေးနွေးဖို့ရှိနေပါလဲ။ ဒီအပေါ် PACE အဖွဲ့ရဲ့ အမူဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။
ဝင်းမင်း ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဒီစောင့်ကြည့်လေ့လာဖို့ အရင်ခွင့်ပြုချက် ပိတ်ခဲ့ရာကနေ၊ အခုတော့ ပြောင်ပြီးတော့၊ ပြန်ခွင့်ပြုပေးမယ်လို့ ကြားရလို့၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ နည်းနည်းလေး ရှင်းပြပေးပါလား။
စိုင်းရဲကျော်စွာမြင့်။ ။ ဒီရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ပြီးခဲ့တဲ့ ဇူလိုင် (၁၄) ရက်လောက်မှာ ကျွန်တော်တို့ တင်တယ်၊ ကျွန်တော်တို့ဆီကို ဇူလိုင် (၃၀) ရက်နေ့ နေ့စွဲနဲ့ စောင့်ကြည့်လေ့လာခွင့် မပြုဘူးလို့ စာရောက်ပါတယ်။ အဲ့ဒါပြီးတော့မှ ရွေးကောက်ပွဲကော်မရှင်နဲ့ တယ်လီဖုန်း အဆက်အသွယ် ရပါတယ်ဗျ။ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူးချုပ်က ကျွန်တော်တို့ကို တယ်လီဖုန်းဆက်ပြီးတော့ အကြောင်းကြားပါတယ်။ ကျွန်တော်တို့ကို စောင့်ကြည် လေ့လာခွင့် ပြန်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကို အင်္ဂါနေ့မှာ နေပြည်တော်ကို လာခဲ့ဖို့ကိုလည်း ပြောထားပါတယ်။
ဝင်းမင်း။ ။ အခု ဒီနေရာမှာ ဘာကြောင့် ခုလို ဆုံးဖြတ်ချက်ပြောင်းသွားတယ်ထင်လဲ။
စိုင်းရဲကျော်စွာမြင့်။ ။ အဲ့ဒါတော့ ကျွန်တော်တို့ မပြောတတ်ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ ကော်မရှင် အနေနဲ့ ဒီလို စောင့်ကြည့်လေ့လာခွင့် ပြန်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပြောင်းတာကိုတော့ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ထင်တာပေါ့လေ၊ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စကကျတော့ စောင့်ကြည့်လေ့လာခွင့်က ဥပဒေနဲ့ ဥပဒေမူဘောင်၊ နည်းဥပဒေထဲမှာ မရှိတဲ့ အတွက်ကြောင့်မို့၊ ကော်မရှင် အပြောင်းအလဲဖြစ်တိုင်း ဖြစ်တိုင်းမှာ၊ စောင့်ကြည့်လေ့လာခွင့်ရမလား၊ မရဘူးလားဆိုတာ အမြဲတမ်း ကျွန်တော်တို့ ကြိုးစားနေရတဲ့အရာဖြစ်တာကိုး။ ဒါကြောင့်မို့ ကျွန်တော်တို့ အမြဲတမ်းပြောတာက ဒီစောင့်ကြည့်လေ့လာခွင့်ကို ဥပဒေအရ အကာအကွယ် ပေးရအောင်၊ ဥပဒေမူဘောင်ထဲ ထည့်ထားသင့်တယ်လို့ ကျွန်တော်တို့ ပြောနေတာပါ။ နောက်တစ်ခုကကျတော့လည်း၊ ဒီစောင့်ကြည့်လေ့လာတာကို အဖွဲ့အကြီးအသေး၊ မှတ်ပုံတင်ရှိမှ နောက်ပြီး ဘယ်လိုရှိမှလို့ ကန့်သတ်တာမျိုးထက်စာရင်၊ ဘယ်အဖွဲ့အစည်းကိုမဆို စောင်ကြည့်လေ့လာခွင့်ပေးဖို့ လုပ်သင့်တယ်လို့လည်း ကျွန်တော်တို့ မြင်ပါတယ်ခင်ဗျ။
SEE ALSO: နိုင်ငံရေးပါတီတွေ နိုင်ငံပိုင်အသံလွှင့်ဌာနအသုံးပြုခွင့်ဥပဒေ ပြင်ဆင်ဖို့ HRW တိုက်တွန်း
ဝင်းမင်း။ အဲ့ဒီတော့ ဒီနေရာမှာ အရင် အကြောင်းပြခဲ့တဲ့ မှတ်ပုံမတင်တဲ့ကိစ္စတို့၊ နောက်တခြားကိစ္စတွေကိုရော ပြောခဲ့တာရှိလား။
စိုင်းရဲကျော်စွာမြင့်။ ကျွန်တော်တော့ အကြမ်းဖျဉ်းသိရတာကတော့၊ ကျွန်တော်တို့ကို စောင့်ကြည့်လေ့လာခွင့်ကို ပြန်ပေးမယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ အသင်းအဖွဲ့မှတ်ပုံတင် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိတယ်လို့ ပြောပါတယ်။ အဲ့ဒါကတော့ နေပြည်တော်ရောက်မှပဲ ပိုပြီးတော့ အသေးစိတ်သိရမယ်။ အခုလောလောဆယ်အထိကတော့ အသေးစိတ်တော့ မသိရသေးဘူး။
ဝင်းမင်း။ အရင်တုန်းကတော့ ငြင်းပယ်ခဲ့တာက၊ ဒီ တရားဝင် အဖွဲ့အစည်းမှတ်ပုံမတင်ထားလို့၊ နောက်တစ်ခုက အဖွဲ့အစည်းမှတ်ပုံတင်ဖို့ ထောက်ခံချက်တောင်းရာမှာလည်း၊ နိုင်ငံခြားဝင်ငွေ လက်ခံမူနဲ့၊ နောက် ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းကို ကူညီတာမဟုတ်ဘဲနဲ့၊ စောင့်ကြည့်တာ ဖြစ်တယ်ဆိုတာမျိုး အကြောင်းပြန်ခဲ့တယ်လို့ ကြားပါတယ်။ အဲ့ဒီ အနေအထားရော။
စိုင်းရဲကျော်စွာမြင့်။ ။ ဟုတ်ပါတယ်ဗျ။ အရင်ကျွန်တော်တို့ အဲ့ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ဒီ စောင့်ကြည့်၊ ပထမဆုံးကတော့ ကျွန်တော်တို့ အသင်းအဖွဲ့မှတ်ပုံတင်တာအတွက် ထောက်ခံစာတောာင်းတဲ့အခါမှာ ကျွန်တော်တို့က စောင့်ကြည့်တဲ့အဖွဲ့ဖြစ်တယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကူညီပံ့ပိုးတဲ့အဖွဲ့ မဟုတ်တဲ့အတွက် မပေးနိုင်ဘူး။ နောက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့အတွက်လည်း ကျွန်တော်တို့က အသင်းအဖွဲ့မှတ်ပုံတင်မရှိဘဲနဲ့၊ နိုင်ငံခြားက အထောက်အပံ့ ရန်ပုံငွေလက်ခံတဲ့အတွက်ကြောင့်မို့၊ ဥပဒေမူဘောင်နဲ့ မညီညွတ်ဘူး၊ ဒါကြောင့် စောင့်ကြည့်လေ့လာခွင့် မပေးနိုင်ဘူးလို့ ပြောခဲ့တဲ့သဘောပါပဲ။ ဆိုတော့ အခုကတော့ ဒီကိစ္စတွေဟာ ပြဿနာမရှိတော့ဘူးဆိုတဲ့သဘောလို့ ကျွန်တော်တို့ ယူဆတယ်။ အမှန်ကတော့ ဇူလိုင် (၁၇) ရက်နေ့မှာ ကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြေခဲ့ပြီးသားပါ။ ကျွန်တော်တို့ ဒီစောင့်ကြည့်လေ့လာဖို့အတွက်ရော၊ အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့အတွက်ရော၊ ဒီအသင်းအဖွဲ့မှတ်ပုံတင် မလိုအပ်ဘူး၊ ရှိစရာမလိုဘူး၊ ဘယ်အဖွဲ့အစည်းမဆို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်လို့ ပြောပြီးသားပါ။ ခုလိုပြောပြီးသားကိုမှ၊ ဒီ (အရင် ခွင့်မပြုဖို့) ဆုံးဖြတ်ချက် ပြောင်းသွားတဲ့သဘောပဲ။
ဝင်းမင်း။ ။ အဲ့ဒီတော့ ဒီနေ့အင်္ဂါနေ့ နေပြည်တော်မှာ ဘာတွေဆွေးနွေးဖို့ မှန်းထားလဲ။
စိုင်းရဲကျော်စွာမြင့်။ အဓိကကတော့ ကျွန်တော်တို့ စောင့်ကြည့်လေ့လာခွင့်နဲ့ ပတ်သက်လို့ ပြန်ပေးမယ်ဆိုတာနဲ့ ပတ်သက်လို့ ကြိုဆိုတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာတွေ၊ သတင်းအချက်အလက်တွေ ထပ်ပေးဖို့ လိုသလား၊ မလိုဘူးလား။ နောက်ပြီးတော့မှ ကျွန်တော်တို့ရဲ့ စောင့်ကြည့်လေ့လာခွင့်ကိုရော ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် စောင့်ကြည့်လေ့လာခွင့် ရမလဲ၊ အဲ့ဒါကို အဓိကထားပြီး ဆွေးနွေးမယ်။ နောက်ပြီးမှ ကျွန်တော်တို့ ဒီ ခုနကပြောတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ပေးမယ်ဆိုရင်ရော၊ ဘာအကန့်အသတ်တွေရှိမလဲ၊ အဲ့ဒါကိုပဲ အဓိကထားပြီး ဆွေးနွေးဖို့ မျှော်မှန်းပါတယ်၊ စဉ်းစားထားပါတယ်ဗျ။
ဝင်းမင်း။ ။ ကျေးဇူးအများကြီးတင်ပါတယ်။
PACE အဖွဲ့ရဲ့ အမူဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကို ကိုဝင်းမင်းက မေးမြန်းခဲ့တာပါ။
Your browser doesn’t support HTML5
..............
(Unicode)
SEE ALSO: ၁၈ နှစ်ပြည့်သူတွေ အချိန်မီမဲပေးခွင့်ရရေး နိုင်ငံသားကဒ် လုပ်ပေးနိုင်မလား