Pfizer နဲ့ BioNTech ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ကန် FDA ရဲ့ ခွင့်ပြုချက်ရဖို့ နီးစပ်နေ

(Zawgyi/Unicode)

အမေရိကန် ဆေးဝါးကုမ္ပဏီကြီးဖြစ်တဲ့Pfizer နဲ့ ဂျာမနီ BioNTech ကနေ ထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်မှာအရေးပေါ်အသုံးပြုရေး ခွင့်ပြုချက်ရဖို့ ပိုမိုနီးစပ်လာနေပြီဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးမှာ အခိုင်အမာအကာအကွယ်ပေးတာ တွေ့ရတယ်လို့ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှုဌာနက အင်္ဂါနေ့က သူတို့ရဲ့စစ်ဆေးတွေ့ရှိမှု အချက်အလက်တွေကို ထုတ်ပြန်ခဲ့တာပါ။

အခုလို အမေရိကန် FDA ရဲ့ ထုတ်ပြန်ချက်ဟာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရေး ပထမဆုံး ခွင့်ပြုချက် အပြည့်အဝပေးခဲ့တဲ့ ဗြိတိန်နိုင်ငံမှာ ကာကွယ်ဆေးကို စတင်သုံးစွဲတဲ့ နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

FDA ကထုတ်ပြန်တဲ့ အချက်အလက်စာရွက်စာတမ်းတွေဟာ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ စမ်းသပ် စစ်ဆေးမှုရလဒ်တွေကိုပထမဆုံး အသေးစိတ်သိစေဖို့ ဖေါ်ပြထားတာဖြစ်ပါတယ်။

လာမယ့် ကြာသပတေးနေ့မှာတော့ လွတ်လပ်ပြီး ကျွမ်းကျင်သူတွေပါဝင်တဲ့ FDA အကြံပေးကော်မတီကနေ ကာကွယ်ဆေးကို အသုံးပြုဖို့ ထောက်ခံမလား မထောက်ခံဘူးလားဆိုတာ မဲပေးဆုံးဖြတ်မှာဖြစ်ပါတ်။ ဒီဆုံးဖြတ်ချက်ကို FDA ဘက်က မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ စည်းမျဉ်းမရှိပေမဲ့ အခုလို ကော်မတီရဲ့ အကြံပြုချက်ကို များသောအားဖြင့် လက်ခံလေ့ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ဆေးသုတေသီတွေနဲ့ဆေးဝါးကုမ္ပဏီ AstraZeneca ကနေ သူတို့ထုတ်တဲ့ COVID-19 ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အန္တရာယ်ကင်းပြီး ထိရောက်မှုရှိတယ်ဆိုတဲ့ ရလဒ်ကို တွေ့ရကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

Your browser doesn’t support HTML5

Pfizer နဲ့ BioNTech ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ကန် FDA ရဲ့ ခွင့်ပြုချက်ရဖို့ နီးစပ်နေ


................


(Unicode)




