ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး တရုတ်စမ်းသပ်ပစ်လွှတ်

တရုတ်စစ်တပ်ကထုတ်ပြန်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တစင်း ပစ်လွှတ်စမ်းသပ်နေပုံ။ (စက်တင်ဘာ ၂၆၊ ၂၀၂၄/AFP)

တရုတ်က ဗုဒ္ဓဟူးနေ့မှာ ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီရှားရှားပါးပါးလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန်တို့ သြဇာလွှမ်းဖို့ ကြိုးစားနေတဲ့ ပစိဖိတ်ဒေသတွင်း ပိုင်နက်အငြင်းပွါးနေကြတဲ့ နိုင်ငံအတော်များများကြား တင်းမာမှု တိုးလာစေပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ သမရိုးကျလက်နက်တွေနဲ့ နျူကလီယားဒုံးကျည်ဆိုင်ရာ စစ်ဆင်ရေးတွေအတွက် တရုတ်စစ်တပ် PLA ရဲ့ ရော့ကက်ဒုံးကျည်တပ်ဖွဲ့ ပုံမှန်လေ့ကျင့်မှုဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ဦးတည်ပစ်မှတ်ထားတာမရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တိုက်ချင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည် ICBM ဟာ ပင်လယ်ပြင်ထဲက သတ်မှတ်နေရာမှာ ကျရောက်ခဲ့ကြောင်း ပြောပေမယ့် နေရာ အတိအကျကိုတော့ မပြောပါဘူး။

တရုတ်အစိုးရဟာ ICBM ကို နိုင်ငံတကာ ရေပိုက်နက်ထဲ ပစ်လွှတ်စမ်းသပ်လေ့မရှိပေမယ့် ၁၉၈၀ မေလတုန်းက တောင်ပစိဖိတ်သမုဒ္ဒရာထဲ DF-5 ဒုံးကျည်ပစ်လွှတ်ခဲ့တာပါ။ တရုတ်စစ်တပ် PLA က ဒီပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ဝေးလံခေါင်ဖျား ရှင်ကျန်ဒေသထဲ ကို ဖြစ်စေ၊ ဘိုဟိုင်းပင်လယ်ပြင်ထဲကိုဖြစ်စေ ပစ်လွှတ်လေ့ရှိပါတယ်။ အခုမှ ပစိဖိတ်သမုဒ္ဒရာထဲ ပစ်လွှတ်စမ်းသပ်တာနဲ့ပတ်သက်ပြီး တရုတ်က သူ့မှာ နျူကလီယား လက်နက်စွမ်းရည်တိုးလာကြောင်း ပြသတဲ့သဘောဖြစ်သလို အမေရိကန်နဲ့ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေကို သတိပေးလိုတဲ့သဘောဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အခုလို ပစ်လွှတ်စမ်းသပ်မှုဟာ လာမယ့် သီတင်းပတ်တွေအတွင်း တရုတ်သမ္မတရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ကြား ဖုံးနဲ့ ဆက်သွယ်မယ်လို့ မျှော်လင့်နေချိန်မှာလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပစိဖိတ်သမုဒ္ဒရာထဲ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး တရုတ်စမ်းသပ်ပစ်လွှတ်