အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ နေတိုးမဟာမိတ်အဖွဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ လစ်သူယေးနီးယားနိုင်ငံမှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ အခုလို တွေ့ဆုံတာပါ။
ရုရှားက ယူကရိန်းနိုင်ငံကို မနှစ်က ဝင်ရောက် တိုက်ခိုက်လိုက်ပြီးတဲ့နောက် ဆွီဒင်ကလည်း နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းလာတာပါ။ ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့က ထောက်ခံမှုပေးမထားသေးပါဘူး။ အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံရေးအတွက် လက်ရှိ နေတိုးအဖွဲ့ဝင်အားလုံးက တညီတညွတ်ထဲ သဘောတူကြရမှာဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကလည်း ဆွီဒင်နိုင်ငံနည်းတူ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာမှာ ပြီးခဲ့တဲ့ ဧပြီလက အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။
သမ္မတဘိုင်ဒန်နဲ့ ဆွီဒင်ဝန်ကြီးချုပ်တို့ဟာ ကြီးထွားလာနေတဲ့ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဆွီဒင်ကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့အပေါ် ဆွီဒင်နိုင်ငံက သဘောထားပျော့ပြောင်းလွန်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စမှာ တူရကီက ထောက်ခံမှုမပေးသေးတာပါ။ တူရကီ၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့အကြား ရရှိခဲ့တဲ့ သဘောတူညီချက်အရ ဆွီဒင်ဘက်ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအပါအဝင် ဥပဒေအတော်များများကို ပြုပြင်ရေးဆွဲခဲ့ပါတယ်။
Your browser doesn’t support HTML5