အမေရိကန်-မက်ဆီကို ၂ နိုင်ငံကြား တရားမဝင် လာရောက်မှုတွေကို တားဆီးရေး အတွက် နယ်စပ်တံတိုင်း ကာရံဖို့လိုအပ်တဲ့ သမ္မတ Donald Trump တောင်းခံထားတဲ့ ရံပုံငွေ မရခဲ့တဲ့နောက်မှာ သမ္မတက ထိပ်တန်း ဒီမိုကရက် အမတ်တွေနဲ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲကနေ ရုတ်ချည်း ထွက်ခွါ သွားခဲ့ပါတယ်။
အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi နဲ့ အထက်လွှတ်တော် လူနဲစု အမတ် ခေါင်းဆောင် Chuck Schumer တို့နဲ့ သူ့ရဲ့ ဆွေးနွေးပွဲဟာ အချိန်ဖြုန်းတာ သက်သက်ပဲ ဖြစ်နေတဲ့အကြောင်း သမ္မတ Trump က သူ့တွစ်တာက ရေးပါတယ်။
အစိုးရယန္တရား တစိတ်ပိုင်းကို ရက်ပေါင်း ၁၉ ရက်ကြာ ရပ်နားထားမှုကို အဆုံးသတ်ဖို့ နဲ့ လာမယ့် ရက်ပေါင်း ၃၀ အတွင်း နယ်စပ်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် နယ်စပ် အုတ်တံတိုင်း ဒါမှမဟုတ် သံမဏိတံတိုင်း တည်ဆောက်ရေးကို သူတို့ သဘောတူ အတည်ပြုဖို့ ပြောခဲ့ပေမယ့် Nancy Pelosi က ငြင်းဆန်ခဲ့တာကြောင့် ဘာမှ အလုပ်မဖြစ်ဖူးလို့ ပြောပြီး သူနှုတ်ဆက် ထွက်ခဲ့ကြောင်း သမ္မတ Trump ကပြောပါတယ်။
Chuck Schumer ကတော့ သမ္မတက ဘာမှ ဆက်ဆွေးနွေးဖို့ မရှိဘူးလို့ ပြောပြီး အစည်းဝေးကနေ ထွက်သွားကြောင်းနဲ့ ဒါဟာ သူ့ရဲ့ ဒေါသတကြီး လုပ်ဆောင်တတ်တဲ့ စားရိုက်ကို နောက်တကြိမ် တွေ့ရတာ ဖြစ်ကြောင်း ပြောပါတယ်။
အောက်လွှတ်တော် ဥက္ကဌ Pelosi ကတော့ နယ်စပ်ဒေသကို ဘယ်လို ကာကွယ်မယ် ဆိုတာအတွက် သူတို့ဆီမှာ ပိုကောင်းတဲ့ အကြံဉာဏ် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီမိုကရက်တွေ ဘက်က နယ်စပ်ဒေသကနေ တရားမဝင် ဝင်ရောက်မှုတွေ အများအားဖြင့် အမေရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံတွေက တရားမဝင် လာရောက်မှုတွေကို စောင့်ကြည့် ထိန်းချုပ်ဖို့ အဆင့်မြင့် နည်းပညာသုံးဖို့ ပြောကြားနေတာ ဖြစ်ပါတယ်။
အခုတွေ့ဆုံပွဲဟာ သမ္မတ Trump နဲ့ ဒီမိုကရက် ခေါင်းဆောင်တွေကြား တတိယအကြိမ် တွေ့ဆုံတာ ဖြစ်ပြီး ဒီတခါလည်း ဒီမိုကရက်တွေ ဘက်က ညှိနှိုင်းဖို့ မလိုလားတာ တွေ့ရတယ်လို့ ဒုသမ္မတ Mike Pence က ပြောပါတယ်။ ဒါ့အပြင် သမ္မတက အမေရိကန် တောင်ပိုင်း နယ်စပ်တလျှောက်က ပြဿနာတွေ အဆုံးသတ်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5