ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ

စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (၂၆ သြဂုတ် ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရခိုင်ပြည်နယ်တခုလုံး တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားလိုက်သလို ညမထွက်ရအမိန့်ကိုပါ ဆက်လက်ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်တခုလုံးမှာ ဒီကနေ့ကစပြီး အိမ်မှာသာ နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါအန္တရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်သွားဖို့ စီစဉ်နေတဲ့အကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

“သက်ဆိုင်ရာမြို့နယ်အလိုက် Home Stay။ ပြီးရင် တချို့ပိုးတွေ့ထားတဲ့မြို့နယ်တွေကျတော့ ၁၄၄ ထုတ်ဖို့ပြင်ရမယ်။ ပြီးရင် လူတွေကိုအသိပညာပေး ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ရမှာပေါ့။ ၁၄၄ ထုတ်ဖို့က ဗဟိုကိုတင်ပြရမှာပေါ့။”

တကျော့ပြန်ပြည်တွင်းကူးစက်မှု စတင်ခဲ့တဲ့ စစ်တွေမြို့နယ်မှာတော့ ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ထုတ်ပြန်ထားပါတယ်။

SEE ALSO: ရခိုင်မှာ အင်တာနက်ဆက်သွယ်ရေး အပြည့်အဝဖွင့်ပေးဖို့ တောင်းဆို

မနေ့တုန်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လိုအပ်ချက်အရ တာဝန်ထမ်းဆောင်နေသူတွေက လွဲလို့ အိမ်ပြင်မထွက်ဖို့နဲ့ ဈေးဝယ်တဲ့ အခါမျိုးမှာလည်း တအိမ်ထောင်တယောက်သာ ထွက်ဖို့ အပြင်ထွက်တဲ့ အခါမှာလည်း နှာခေါင်းစည်းတပ်ဆင်ထားဖို့ အပါအဝင် ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ညွှန်ကြားထားပါတယ်။

လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမှာဖြစ်ကြောင်းလည်း ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက သတိပေးထားပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကတော့ ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းနေတယ်လို့ ပြောပါတယ်။

“အခု Stay at Home လို့ပြောတယ်၊ အိမ်မှာနေကြပါ။ ဒါပေမဲ့ ဆရာအခုရုံးလာတဲ့ လမ်းတောက်လျှောက်မှာ အပြင်မှာတွေ့နေသေးတယ်။ ဒါက စားမှုနေမှုအတွက် အပြင်ထွက်ရတယ်ထားပါဦး။ ထွက်ရင်လည်း လူစုလူဝေးမဖြစ်စေပါနဲ့။ ပြီးရင်တယောက်နဲ့တယောက် လိုအပ်လို့ဆက်ဆံရတဲ့အချိန်မှာ ၆ပေအကွာကနေ ပြောဆိုဆက်ဆံဖို့ပေါ့နော်။ အပြင်ထွက်လို့ရှိရင် Mask တပ်ဖို့နော်။ ပြီးရင် လက်ကိုဆပ်ပြာနဲ့ ခဏခဏစင်ကြယ်အောင် ဆေးပါ။ Stay at Home ကာလမှာ အိမ်မှာကောင်းကောင်း နားနေဖို့လိုတယ်။”

ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာတာကြောင့် စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။ စိုးရိမ်မှုတွေနဲ့အတူ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိလိုပေမဲ့လည်း အင်တာနက်ဆက်သွယ်မှုတွေ အပြည့်အဝမရသေးတာကြောင့် အခက်အခဲ ရှိနေတယ်လို့လည်း ဘူးသီးတောင်မြို့နယ် လမ်းမဒုက္ခသည်စခန်းက ဦးကျော်ဝင်းက ပြောပါတယ်။

SEE ALSO: ရခိုင်ကိုဗစ်ရောဂါ ပျံ့နှံ့မှု အစိုးရအပေါ် ANP ဝေဖန်

“ကျနော်တို့က အခုချိန်မှာ စားရေးသောက်ရေးက အဆင်မပြေဖြစ်နေပါတယ်။ ဈေးအသွားအလာရော အားလုံး Camp တွေပါ ပိတ်ထားတယ်ဆိုပြီးတော့ သူတို့ကလည်း အသွားအလာခက်ခဲနေရတာပေါ့။ အပြင်ထွက်ရင်လည်း Mask တပ်ပြီးထွက်ရတယ်။ ပြန်လာရင်လည်း လက်ဆေးရတယ်၊ အဝင် အထွက် လက်ဆေးရတယ်။ အဲဒါကြောင့် ကိုယ်သွားချင်ရာကို မသွားရ၊ လုပ်ချင်ရာကို မလုပ်ရပဲနဲ့ အခက်အခဲတွေပိုဖြစ်နေပါတယ်။ ကျနော်တို့ဆီ အင်တာနက်လိုင်းမရဆိုတော့ အခက်အခဲဖြစ်နေတာပေါ့။”

ရခိုင်ပြည်နယ်ကို မကြာသေးခင်က သွားခဲ့တဲ့သူ တချို့မှာ ရောဂါပိုးရှိနေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် ရောဂါကူးစက်မှုဖြစ်နေတဲ့ မြို့နယ်တွေကို သွားဖူးတဲ့သူတွေ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ အာဏာပိုင်တွေကို အကြောင်းကြားဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေ တိုးလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီသီတင်းပတ် အစောပိုင်းက မိန့်ခွန်းပြောရာမှာတော့ စိုးရိမ်မှုတွေ မလွန်ကဲကြဖို့နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ

[Unicode Version]








SEE ALSO: ရခိုင်ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့်ထုတ်




