ရခိုင်မှာ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုအခက်ကြုံ

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) (ဓာတ်ပုံ - Win Zaw)

[Zawgyi/Unicode]

ကပ်ရောဂါနဲ့ စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေသတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်တောင် မလိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ မရှိန်မလျော့သေးတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ မလွယ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး နိုဝင်ဘာလဆန်းအထိ မဲဆွယ်စည်းရုံးခွင့် ပြုထားပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးတဲ့ အထဲမှာ ရခိုင်ပြည်နယ်က အဓိကနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP လည်း ပါဝင်ပါတယ်။ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ရွေးကောက်ပွဲအတွက် မပြင်ဆင်နိုင်သေးတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

SEE ALSO: တိုင်းရင်းသားမဲဆန္ဒရှင်တွေ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ တိုက်တွန်း

"ကြီးကြီးမားမားလုပ်တာတော့ ဘာမှမရှိသေးဘူး။ တချို့မြို့နယ်တွေမှာ ဗွီနိုင်း တစ်ခုနှစ်ခု လိုက်ထောင်တဲ့ အခြေအနေပဲ ရှိသေးတယ်။ ရွေးကောက်ပွဲ ကမ်ပိန်းတွေလည်း တစ်ခုမှမလုပ်ရသေးဘူး။ ပြောရရင် ဘာမှမလုပ်ရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ပါတဲ့ ဗွီနိုင်း တစ်ခုနှစ်ခု လိုက်ထောင်တာလောက်ပဲ ရှိသေးတယ်။"

ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ရင် ရွေးကောက်ပွဲရလဒ်အပေါ် ထိခိုက်မှာကိုလည်း ဦးသာထွန်းလှက စိုးရိမ်နေပါတယ်။

"ရွေးကောက်ပွဲကလည်း မဲဆွယ်စည်းရုံးလို့လည်း မရဘူးဆိုတော့ ရွေးကောက်ပွဲ ဖြစ်လာရင်လည်း ဒီရွေးကောက်ပွဲက ရွေးကောက်ပွဲ စံချိန်စံညွှန်းတွေနဲ့ မညီတဲ့ ရွေးကောက်ပွဲပဲ ဖြစ်လာလိမ့်မယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲကလည်း နေ့စဉ်နေ့တိုင်းဖြစ်တယ်။ တစ်ဘက်မှာလည်း ကပ်ရောဂါကလည်း ရပ်တန့်တဲ့ အခြေအနေတွေ မရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲ ကမ်ပိန်းကို မယ်မယ်ရရ မလုပ်ရသေးတဲ့ အခြေအနေပဲရှိတယ်။"

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ ရှိနေသလို၊ ကပ်ရောဂါကြောင့် ပြည်နယ်တခုလုံးနီးပါး မလိုအပ်ရင် အပြင်မထွက်ကြဖို့လည်း ညွှန်ကြားထားပါတယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ မဲဆွယ်စည်းရုံးလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်လို့လည်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"ဟုတ်ကဲ့။ ရခိုင်မှာတော့ အခက်အခဲက နှစ်မျိုးဖြစ်သွားတာပေါ့နော်။ ပထမတစ်ခုကတော့ တိုက်ပွဲတွေကြားမှာ လုံခြုံမှု အခက်အခဲ နောက်တစ်ခုကတော့ ကိုဗစ်ရောဂါ ပြန့်ပွားမှုက လျင်လျက်မြန်မြန်ဖြစ်လာတယ်။ အဲဒါကြောင့်ကျနော်တို့က ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လုပ်ရတဲ့ အခါမှာ အခက်အခဲရှိပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီအောင်လို့ ဗွီနိုင်းတွေ ထောင်ပြီးတော့ မဲဆွယ်တာ။ လက်ကမ်းစာစောင်တွေဝယ်တာ။ နောက်ပြီးတော့ online ကနေ မဲဆွယ်စည်းရုံးတာနဲ့ လူချင်းတွေ့ပြီးတော့ လုပ်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ပြည်နယ်တစ်ခုလုံးက stay at home ဖြစ်နေတော့ ကျနော်တို့ ထပ်ပြီးထုတ်လိုက်တာဘာလဲတိုတော့ လှုံ့ဆော်ရေး တေးသီခြင်းများ ခွင့်ဖို့ sound box တွေနဲ့တကွ လှည့်လယ် စည်းရုံးလှုံ့ဆော်ဖို့ ပြောထားရပါတယ်။"

SEE ALSO: ချင်း၊ ပလက်ဝဒေသ ရွေးကောက်ပွဲစည်းရုံးရေးခက်ခဲ

အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ရခိုင်ပြည်နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေကို အကန့်အသတ်နဲ့သာ လုပ်နေရတယ်လို့ ပါတီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဒေါ်အေးမာခင်ကပြောပါတယ်။

"မဲဆွယ်စည်းရုံးရေးတော့ မလုပ်ဖြစ်ပါဘူး။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာလောက်ပဲရှိတယ်။ ကျန်းမာရေးဌာနနဲ့ ကော်မရှင်က ခွင့်ပြုထားတဲ့အတိုင်းပဲ ဆိုင်းဘုတ်ထောင်တဲ့အပိုင်းနဲ့ လက်ကမ်းစာစောင်ဖြန့်တဲ့ အပိုင်းလောက်ပဲ ရှိပါတယ်ဟုတ်။ "

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အစောပိုင်းမှာကတည်းက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေအပြင် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသလို ကျောက်ဖြူ တောင်ကုတ် သံတွဲ မာန်အောင်နဲ့ အမ်းမြို့နယ်တို့ကိုလည်း စက်တင်ဘာလ ၂ရက်နေ့ကစပြီး ညမထွက်အမိန့် ထုတ်ပြန်ထားပါတယ်။

ကိုဗစ် ကူးစက်မှုတွေရှိနေတဲ့ရခိုင်မှာ အသွားအလာတွေလည်းကန့်သတ်ထားသလို မလိုအပ်ဘဲ အပြင်မသွားဖို့ မဖြစ်မနေသွားရတဲ့ အခါမျိုးမှာလည်း နှာခေါင်းစည်းတပ်ဖို့ အပါအဝင် ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်မှာ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုအခက်ကြုံ

[Unicode Version]






SEE ALSO: ကပ်ဘေးနဲ့ စစ်ပွဲကြောင့် ရွေးကောက်ပွဲထိခိုက်မှာ တိုင်းရင်းသားပါတီတွေ စိုးရိမ်






SEE ALSO: COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရခိုင်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် မရှိသလောက်ဖြစ်နေ


