ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လမ်းဖွင့်ထားကြောင်း နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ နိုင်ငံရှိလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်းလည်း ပြောပါတယ်။
ဒီဒုက္ခသည်တွေကို ခေါ်ယူချင်တဲ့ဆန္ဒရှိကြောင်း ပြသတဲ့နိုင်ငံ တချို့ရှိပေမယ့် လူကြားကောင်းအောင်သာ ပြောနေတာမျိုး ဖြစ်နေပြီး ဒါမျိုးကို ဘင်္ဂလားဒေ့ရှ်က မလိုချင်ကြောင်းနဲ့ ဒုက္ခသည် ငါးဆယ် ဒါမှမဟုတ် တသိန်းလောက်ကို ခေါ်ယူတာမျိုး ဘင်္ဂလားဒေ့ရှ်က ဖြစ်စေချင်ပေမယ့် သူတို့က ၅ ယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်ပဲ ခေါ်ချင်တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ အခုလို ပြောကြားတာ ဘယ်နိုင်ငံလည်း ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီဒုက္ခသည်တွေကို စီစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားတာပါ။
နယူးရောက်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ဘေးထွက်အစည်းအဝေးအဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု ဆိုင်ရာပြဿနာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ဦးစီးပြီး ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြပါတယ်။
တချိန်ထဲမှာပဲ ကြာသပတေးနေ့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ လူနည်းစုတွေ အပေါ် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်တဲ့ အဆိုပြု ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေ ၇ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဂျနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့တဲ့အပြင် ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ အပေါ်လူ့အခွင့်ရေး ချိုးဖေါက်မှုလို့ နံမယ်တပ်ထားပေမယ့် တကယ်တမ်းမှာ ရခိုင်ပြည်နယ်ထဲ နေထိုင်တဲ့ အသိုင်းဝိုင်းတခုကိုပဲ ဦးတည်ကိုယ်စားပြုထားတာတွေ့ရကြောင်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
.................
{Unicode}
Your browser doesn’t support HTML5