အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ရှေ့သီတင်းပတ်ကျင်းပမယ့် အစည်းအဝေးကို အာဆီယံ လေတပ်ဦးစီးချုပ် ၃ ယောက်ထက် မနည်း တက်ရောက်မှာ မဟုတ်ဘူးလို့ အာဆီယံတာဝန်ရှိသူတွေ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် နှစ်ပတ်လည် အစည်းအဝေးကို ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လေတပ်ဦးစီးချုပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားတာကို AFP သတင်းမှာ ကိုးကားဖော်ပြပါတယ်။
မလေးရှားလေတပ်ဦးစီးချုပ် တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောခွင့်ရက ပြောကြားခဲ့သလို၊ ဖိလစ်ပိုင်နိုင်ငံကလည်း လေတပ်ဦးစီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကို မသွားဘဲ ဗီဒီယိုနဲ့ သတင်းစကားပေးပို့မှာဖြစ်တယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားကလည်း လေတပ်ဦးစီးချုပ်တက်မှာ မဟုတ်သလို သူ့ကိုယ်စားလည်း ဘယ်သူ့ကိုမှ စေလွှတ်မှာ မဟုတ်ဘူးလို့ လေတပ်ပြောခွင့်ရက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံကတော့ ကာကွယ်ရေး ဦးစီးချုပ် စေလွှတ်မယ့်အကြောင်း အတည်ပြုထားပါတယ်။
ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ သဘာဝဘေးဒဏ် တုံ့ပြန်ရေးပိုင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ နှစ်ပတ်လည် စည်းဝေးပွဲမှာ ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲ စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတာပါ။ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန်နဲ့ ဗြိတိန်တို့က ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
Your browser doesn’t support HTML5