ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းမြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဖွတ်ဖရမြို့နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁။ ဓာတ်ပုံ - Thai Border Police)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်အတွင်းမှာ ၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အလားတူ တာ့ခ်ပြည်နယ်ထဲမှာလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ရာဂဏန်းလောက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်က တနင်္သာရီတိုင်း မောထောင်နယ်စပ်လမ်းကနေ ထိုင်းဘက် ပရာကျွတ်ခီရီကန် ပြည်နယ်ထဲကို ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ၆ ရက်နေ့ထိ ဝင်လာတဲ့ မြန်မာ ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။ သူတို့တွေဟာ အလုပ်အကိုင်တွေ ရဖို့အတွက် အခကြေးငွေ ထိုင်းဘတ်ငွေ ၃၀,၀၀၀ နီးပါးထိ ပေးလာကြသူတွေ ပါတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အခုလိုပြောပါတယ်။

“အရင်တုန်းကတော့ ၂၀၀ နီးပါးလောက်ပဲ အများဆုံး ဖမ်းခံရတာ။ အခုကတော့ ၄၀၀ နီးပါးလောက် ၅ ရက်အတွင်း အဖမ်းခံရတော့ အတော်လေး များတာပေါ့နော်။ မဲဆောက်-မြဝတီ လမ်းကြောင်းတွေ၊ ကမ်ချနဘူရီ လမ်းကြောင်းတွေက အဖမ်းအဆီးတွေ တအားစိတ်နေတယ်။ ဘက်ပေါင်းစုံကနေ တင်းကျပ်နေတယ်။ အဲဒါကြောင့် မောထောင်ဘက်ကနေ နေရာပြောင်းပြီး ဝင်ရောက်လာတယ်လို့ ပြောလို့ရတယ်။ သူတို့အားလုံးကို ဘတ်ငွေ ၁၈,၀၀၀ ကနေ ၂၉,၀၀၀ အထိ ပေးရတယ်။ ဘန်ကောက်က အလုပ်အကိုင်ရတဲ့အထိ ပေးရတာဆိုရင် ၂၉,၀၀၀ ထိ ပေးရတယ်။”

SEE ALSO: ဥပဒေမဲ့ ဝင်ရောက်သူမြန်မာ တနေ့တည်း ၂ဝဝ ကျော်ထိုင်းဖမ်းမိ

သူတို့ဟာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တွေက လာကြတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံက ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ကူးစက်လာမှာကို စိုးရိမ်တာကြောင့် နယ်စပ်တွေက ဝင်လာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထူးသဖြင့် ဖမ်းမိသူတွေကို ကိုဗစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခုဖမ်းခံရသူတွေထဲမှာတော့ ကိုဗစ်ကူးစက်ခံထားရသူတွေ မရှိကြောင်းကိုလည်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနဘက်က ထုတ်ပြန်ခဲ့တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

“လောလောဆယ် ကိုဗစ်ကျန်းမာရေးစစ်ဆေးတာ အယောက် ၄၀၀ လောက်နီးပါးမှာ တယောက်မှ ကိုဗစ်မတွေ့တာတော့ ကံကောင်းတာပေါ့။”

အခုဖမ်းမိသူတွေကိုတော့ သက်ဆိုင်ရာ ရဲစခန်းအချုပ်တွေမှာ ထားထားပါတယ်။ များသောအားဖြင့် တရားမဝင် နယ်စပ်ခိုးဝင်မှုနဲ့ အရေးယူပြီးတာနဲ့ လပိုင်းနဲ့ နေရပ်ရင်းကို ပြန်ပို့တာတွေ လုပ်လာတယ်လို့လည်း ဆိုပါတယ်။

“ထိုင်းလုံခြုံရေးအချုပ်တွေ၊ ရဲအချုပ်တွေ၊ လဝကအချုပ်တွေမှာ ထားတာပေါ့။ လူအင်အားက များတဲ့အခါကျတော့ ထိုင်းနိုင်ငံက သူတို့ကို ကြာကြာမထိန်းသိမ်းထားဘူး။”

တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ကနေ နိုင်ငံတကာထိ ပို့ဆောင်လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၃ ဦးကိုလည်း ရဲတပ်ဖွဲ့က တနင်္လာနေ့က ဖမ်းဆီးခဲ့ပါတယ်။ တာ့ခ်ပြည်နယ်ထဲမှာပဲ ဘန်ကောက်တက်ဖို့ တောလမ်းကနေ လမ်းလျှောက်လာတဲ့ မြန်မာ ၄၀ လောက်ကိုလည်း တနင်္လာနေ့က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းအစိုးရက တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၁ ခုနှစ် နှစ်စကစပြီး ၁၁ လအတွင်း လူဦးရေ ၄၅,၀၀၀ လောက် ဖမ်းဆီးခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံသားက အများဆုံး ပါဝင်ပါတယ်။

-----------------------

(Unicode)





SEE ALSO: နိုဝင်ဘာလတွင်း ထိုင်းနိုင်ငံထဲ အထောက်ထားမဲ့မြန်မာလုပ်သားအများအပြားဝင်ရောက်





