ထိုင်းနိုင်ငံမှာ ရေဘေးကြောင့် လူ ၃၀ နီးပါးသေဆုံး

ထိုင်းရေဘးကယ်ဆယ်ရေးလုပ်သားတွေက ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ပြည်နယ်အတွင်းမှာ ကူညီကယ်ဆယ်ရေးတာဝန်ထမ်းဆောင်နေကြစဥ်။ (ဒီဇင်ဘာ ၃၊ ၂၀၂၄)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံတာကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရသလို လူပေါင်း ၂၉ ဦး အထိ သေဆုံးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဒီဇင်္ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ရေကြီးရေလျှံနေတဲ့ ဒေသမှာ ဒီရက်ပိုင်းတွေအတွင်း မိုး ဆက်လက်ရွာသွန်းနေမှာဖြစ်ပြီး လက်ရှိမှာတော့ ရေဘေးဒဏ်သင့် မိသားစုပေါင်း ၁ သိန်းခွဲကျော် လောက် ရှိတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ထိုင်းတောင်ပိုင်း ပထနီ၊ နရာသီဝပ် အပါအဝင် ပြည်နယ် ၅ ခုက လူပေါင်း ၃၃,၀၀၀ လောက် နေအိမ်တွေကိုစွန့်ခွာခဲ့ရပြီး အင်္ဂါနေ့က သေဆုံးသူ ၂၅ ဦး ရှိခဲ့ရာကနေ ဒီကနေ့မှာတော့ ၂၉ ဦး အထိ ရှိလာတာပါ။

တောင်တရုတ်ပင်လယ်ဘက်ကနေ ကပ္ပလီပင်လယ်နဲ့ မလေးရှားကိုဖြတ်လာတဲ့ လေဖိအားနည်းရပ်ဝန်း ကြောင့် ထိုင်းတောင်ပိုင်းမှာ မိုးအကြီးအကျယ် ထပ်မံရွာသွန်းနိုင်ကြောင်းလည်း ထိုင်းမိုးလေဝသ ဌာနက သတိပေးထားတာပါ။ ဒါ့အပြင် ဒီရက်ပိုင်းတွေအတွင်း ရေကြီးရေလျှံပြီး မြေပြိုနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

ရေဘေးသင့်မိသားစု တစုကို အမေရိကန်ဒေါ်လာ ၂၆၀ ပမာဏရှိတဲ့ ထိုင်းဘတ်ငွေ ၉,၀၀၀ ထောက်ပံ့ပေးသွားဖို့လည်း ထိုင်းအစိုးရက မနေ့က အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းအပြင် ကပ်လျက် မလေးရှားနိုင်ငံမှာလည်း ရေကြီးရေလျှံတာကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ လမ်းတွေ၊ နေအိမ်တွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးတွေက စက်လှေတွေသုံးပြီး နေအိမ်တွေထဲ ပိတ်မိနေသူတွေကို လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။ ရေကြီးရေလျှံတာကြောင့် နိုင်ငံ အခြေခံအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ဖို့ ခန့်မှန်းခြေ မလေးရှားရင်းဂစ် ၁ ဘီလီယံအမေရိကန်ဒေါ်လာ ၂၂၄ သန်းလောက် ကုန်ကျနိုင်တယ်လို့လည်း မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ပြောပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံမှာ ရေဘေးကြောင့် လူ ၃၀ နီးပါးသေဆုံး