ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်း ထိုင်းမှာ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်နဲ့ အယုဒ္ဓယပြည်နယ်တွေမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်းကျော်နဲ့ မူးယစ်ဂိုဏ်းဝင် ၁၂ ဦးကို ဒီရက်ပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ ချင်းမိုင်နဲ့ အယုဒ္ဓယပြည်နယ်တွေမှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မူးယစ်မှောင်ခိုဂိုဏ်းဝင် ၁၂ ဦးနဲ့ ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၂,၀၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဆက်တိုက်ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ အမှတ် ၅ ဒေသ မူးယစ်နှိမ်နင်းရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်သွားပါတယ်။

မူးယစ်ဆေးဝါး အများအပြား ရက်ပိုင်းအတွင်းမှာပဲ ဖမ်းမိခဲ့တာတွေနဲ့ မူူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းမိခဲ့တာတွေနဲ့ ပတ်သက်လို့ မူးယစ်နှိမ်နင်းရေးအဖွဲ့က အကြီးအကဲတဦးဖြစ်တဲ့ Wichai Chaimongkol ကတော့ အခုလိုပြောသွားပါတယ်။

“အခုလို မူးယစ်ဆေးဝါး အမြောက်အမြားကို ထိုင်းနိုင်ငံထဲ သယ်ဆောင်နေတဲ့ မူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းမိပြီးတဲ့နောက် တဖက်နိုင်ငံကနေ စီစဉ်ပြီး ပို့ပေးနေတဲ့သူတွေကို မကြာခင် ဖော်ထုတ်ပြီး ဖမ်းဝရမ်း ထုတ်ပြန်သွားပါမယ်။ ဒါ့အပြင် ဒီလူတွေနဲ့ပတ်သက်လို့ သတင်းပေးနိုင်အောင် ဆုငွေပါ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီဂိုဏ်းတွေဟာ ထိုင်းကနေတဆင့် နိုင်ငံတကာအထိ ဆက်လက်ပို့ဆောင် ပေးပို့နေတာဖြစ်တယ်။” ဆိုပြီး ပြောဆိုသွားတာပါ။

SEE ALSO: ဘတ်ငွေ သန်း ၁,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ထိုင်းမှာဖမ်းမိ

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ်က နကွန်စဝမ်မြို့အထိ မောင်းဝင်လာတဲ့ ကားထဲမှာတော့ စိတ်ကြွဆေး ၆ သန်းကျော်နဲ့ မူးယစ်ဂိုဏ်းဝင် ၃ ဦးကို ဖမ်းမိခဲ့ပြီး တနေ့တည်းမှာပဲ ချင်းရိုင်ပြည်နယ်အတွင်း အဓိက မူးယစ်ဂိုဏ်းဝင် ၉ ဦးကိုလည်း စိတ်ကြွဆေးတွေနဲ့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ချင်းစန်ဒေသမှာ ဖမ်းမိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကတော့ အယုဒ္ဓယပြည်နယ်ထဲမှာ စိတ်ကြွဆေး ၄,၄၀၀,၀၀၀ ကျော်နဲ့ အိုက်စ်မူးယစ်ဆေး ကီလို ၂၀၀ ကို ဖမ်းမိခဲ့ပါတယ်။ မူးယစ်နှိမ်နင်းရေးရဲတွေဟာ ဖမ်းမိသူတွေရဲ့ ကွင်းဆက်ဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ငွေကြေးခဝါချပေးနေတယ်လို့ စွပ်စွဲခံရတဲ့ ဘန်ကောက်မြို့က နေအိမ်တအိမ်ကိုလည်း ဒီရက်ပိုင်းမှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ သန်း ၇၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ တနှစ်အတွင်း ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးဝါး သန်းပေါင်း ၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ ဦးနဲ့အတူ ပိုင်ဆိုင်မှုတန်ဖိုး ဘတ်သန်း ၆၀၀ ကို နိုင်ငံတော်ပိုင် သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းက မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများကလည်း မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်း ထိုင်းမှာ ဖမ်းဆီးရမိ

------------------------

(Unicode)






SEE ALSO: ရွှေတြိဂံမူးယစ်ဆေးအများအပြား နဲ့ မူးယစ်ဂိုဏ်းဝင် ၆ ဦး ထိုင်းမှာဖမ်းမိ


