ထိုင်းမှာမှတ်ပုံတင်တဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ကျဆင်း

ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွါဖို့စောင့်နေသည့် မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရမယ့် အစီအစဉ်သစ်တရပ်ကို အစိုးရက ချမှတ်ပြီးတဲ့နောက် ပထမပတ် အတွင်း မှတ်ပုံတင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၀၀,၀၀၀ တောင်မပြည့်ဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ မှတ်ပုံတင်မယ့် အလုပ်သမားအရေအတွက် ၆၀၀,၀၀၀ ကနေ ၈၀၀,၀၀၀ အထိရှိမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ခန့်မှန်းထားတာပါ။

တနိုင်ငံလုံးမှာဖွင့်ထားတဲ့ မှတ်ပုံတင်ဌာနတွေမှာ တနင်္လာနေ့ကတည်းကဆိုရင် အလုပ် ရှင်ပေါင်း ၅၈,၀၀၀ ကျော်က အလုပ်သမား ၁၉၀,၀၀၀ ကျော်အတွက် မှတ်ပုံတင်ခဲ့ကြ တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ မှတ်ပုံတင်လျှောက်ထားသူ အများစုဟာ ဘန်ကောက်၊ စမွတ် ပရာကန်၊ ရယောင်း၊ ပသွမ် ဌာနီနဲ့ နွန်ဌာဘူရီ ဒေသတွေကဖြစ်ပြီး အများစုက မြန်မာအလုပ် သမားတွေဖြစ်ပြီးတော့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေလဲ ပါဝင်ပါတယ်။

မှတ်ပုံတင်တဲ့ထဲမှာ လယ်ယာလုပ်ငန်းကအများစုဖြစ်ပြီး အဲဒီနောက်မှာ ဆောက်လုပ်ရေး၊ အစားအစာနဲ့ အဖျော်ယမကာ ရောင်းချ ရေးလုပ်ငန်း၊ အထွေထွေဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးဆက်စပ် စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာန ပြောခွင့်ရ Ananchai Uthaipattanacheep က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်ပအလုပ်သမား ၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီထဲမှာ တရားမဝင်အလုပ်သမားက ၁ သန်းနဲ့ ၂ သန်းကြားရှိပါတယ်။ တရားမဝင်နေကြတဲ့ အဓိက အကြောင်းတွေထဲမှာ မှတ်ပုံတင်လုပ်ငန်းက ရှုပ်ထွေးပြီး ဈေးကြီးတာကြောင့်ပါ။ ဒါ့အပြင် အကျင့်ပျက်ခြစားမှုကလဲ အကြီးအကျယ်ရှိနေပါသေးတယ်။

Your browser doesn’t support HTML5

ထိုင်းမှာမှတ်ပုံတင်တဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ကျဆင်း