အီရန် အန္တရာယ် Trump အစိုးရ လွှတ်တော်ကို အစီရင်ခံမည်

အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် ထိုးနှက် ပြောဆိုမှုတွေ ရှိနေချိန်မှာဘဲ ယူရေနီယံ သန့်စင် စွမ်းရည်ကို လေးဆတိုး ထားတယ်လို့ အီရန်ဘက်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် နျူးကလီးယား သဘောတူညီချက်မှာ ဖော်ပြထားတဲ့ အတိုင်း လက်နက် ထုတ်နိုင်တဲ့ အဆင့်နဲ့ အလှမ်းဝေးတဲ့ အရပ်ဘက် စွမ်းအင် အသုံးအတွက် ယူရေနီယံ သန့်စင်မှုကို လုပ်သွားမှာ ဖြစ်တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်သမ္မတ Donald Trump အနေနဲ့ အီရန်အပေါ် ခြိမ်းခြောက်နေမယ့်အစား အလေးဂရုပြုဖို့ ကြိုးစားသင့်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က တနလာၤနေ့မှာဘဲ ပြောထားတာပါ။ အမေရိကန်နဲ့တိုက်ရင် အီရန်ဆိုတာ အဆုံးသတ်သွားမှာဖြစ်တယ်၊ နောက်ထပ် ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့လို့ သမ္မတ Trump ကတနင်္ဂနွေနေ့က Twitter ပေါ်မှာ ရေးသားခဲ့တာကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ခုလိုတုံ့ပြန်လိုက်တာပါ။

အမေရိကန် သမ္မတ Donald Trump နဲ့ အရေးပါတဲ့ အီရန် တာဝန်ရှိသူတို့ကြား မခံချိ မခံသာဖြစ်အောင် အပြန်အလှန် ပြောဆိုနေကြပေမယ်လို့လည်း ဒီကနေ့ အင်္ဂါနေ့မှာတော့ အီရန်ကြောင့် ရင်ဆိုင်လာရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ ထိပ်တန်း အရာရှိတွေက လွှွတ်တော်အမတ်တွေကို ရှင်းပြဖို့ ရှိနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo၊ ယာယီ ကာကွယ်ရေး ဝန်ကြီး Patrick Shanahan ၊ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ အမည်မဖော်တဲ့ ထောက်လှမ်းရေး အဝန်းအဝိုင်းက တာဝန်ရှိသူ တဦးတို့က လွှတ်တော် အမတ်တွေကို ရှင်းလင်း တင်ပြဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆော်ဒီအာရေဗျ ရေနံတွင်း နှစ်ခုကို တိုက်ခိုက်ခဲ့မှုတွေနဲ့ အစောပိုင်းတုန်းက ရေနံတင် သဘောၤ ၄ စင်းကို အဖျက်အမှောင့် လုပ်ရပ်တွေ အတွက် အီရန်မှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုး အမေရိကန် တာဝန်ရှိသူတွေက အရိပ်အမြွက် ပြောကြားပြီး ရက်ပိုင်းအကြာမှာ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေက လွှတ်တော် အမတ်တွေကို ရှင်းလင်းတင်ပြဖို့ ဖြစ်လာတာပါ။

အမျိုးသား လုံခြုံရေး အကြံပေး John Bolton က ရှင်းလင်း ပြောပြခဲ့ အပြီးမှာတော့ အရေးပါတဲ့ လွှတ်တော် အမတ်တဦးဖြစ်သူ အထက်လွှတ်တော် အမတ် Lindsey Graham က ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း အီရန်က တခြားနိုင်ငံရဲ့ ရေနံပိုက်လိုင်းတွေနဲ့ သဘောၤတွေကို တိုက်ခိုက်ခဲ့ပြီး အီရတ်နိုင်ငံထဲက အမေရိကန် အကျိုးစီးပွားတွေကို ထိခိုက်စေမယ့် ခြိမ်းခြောက်မှုတွေ ဖန်တီးခဲ့တယ်ဆိုတာ ရှင်းပါတယ်လို့ တနလာၤနေ့မှာ ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

အီရန် အန္တရာယ် Trump အစိုးရ လွှတ်တော်ကို အစီရင်ခံမည်