သမ္မတ Trump အိမ်ဖြူတော်မှာ ရုံးပြန်တက်

မှတ်တမ်းဓါတ်ပုံ- စက်တင်ဘာ ၄ ရက်နေ့တုန်းက သမ္မတ Trump ကို Oval ရုံးခန်းမှာ တွေ့ရစဉ် (AP Photo/Evan Vucci)

(Zawgyi/Unicode)

COVID-19 ကူးစက်ပြီး ဆေးရုံ ၃ ရက်တက် ကုသမှုခံယူခဲ့တဲ့ သမ္မတ Trump ဟာ ပထမဆုံး အကြိမ်အဖြစ် Oval Office ကို သွားရောက်ပြီး ရုံးပြန်တက် နေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က သမ္မတ ထရမ့် Oval Office ကို ပြန်လည် သွားရောက်ခဲ့ကြောင်း ပြောခွင့်ရ Brian Morgenstern က အတည်ပြု ပြောကြားခဲ့တာပါ။

သမ္မတ ထရမ့်ဟာ ရောဂါပိုး သယ်ဆောင် ပျံ့နှံ့နိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့တစ်ချိန်တည်းမှာပဲ အိမ်ဖြူတော် သမားတော် Sean Conley က သမ္မတ Trump ဟာ ရောဂါလက္ခဏာ မပြဘဲနေတာ ၂၄ နာရီကျော်ရှိနေပြီး အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ပြော ပါတယ်။

သမ္မတ Trump ရဲ့သွေးထဲ အောက်စီဂျင်နှုန်း၊ အသက်ရှုနှုန်း အပါအဝင် တခြားကျန်းမာရေး အခြေအနေတွေအားလုံးပုံမှန်အတိုင်း ကောင်းမွန်တယ်လို့ Conley က ရေးသားထုတ်ပြန်ခဲ့တာပါ။ သမ္မတမှာ အဖျားမရှိတာလည်း ၄ ရက်ရှိနေပြီဖြစ်ပြီး တနင်္လာနေ့က ဓာတ်ခွဲခန်း ဆေးစစ်ချက်တွေအရ သူ့ခန္ဒာကိုယ်ထဲ COVID-19 ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီဝပစ္စည်း ထွက်ပေါ်နေတာကို တွေ့ရတယ်လို့ လည်း Conley ကပြောပါတယ်။

အသေးစိတ်တော့ ထပ်ပြီး ပြောကြားခြင်းမရှိသလို သမ္မတ Trump ကို ဘယ်လို ကုထုံးတွေဆက်ပြီး ပေးနေတယ်ဆိုတာကိုလည်း ပြောမထားပါဘူး။ အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ အဆိုအရ COVID-19 ကူးစက်ထားသူ တဦးအနေနဲ့ ခန္ဒာ ကိုယ်တွင်း ပဋိဇီဝပစ္စည်း ထွက်ပေါ်လာဖို့က ရောဂါကူးစက်ပြီး တပတ်ကနေ သုံးပတ်အထိကြာတာပါ။

သမ္မတ Trump ရော သူ့ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း Joe Biden တို့ကပါ လာမယ့် သီတင်း ပတ်မှာ ကျင်းပမယ့် သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲအတွက် မျှော်လင့်နေတယ်လို့ အင်္ဂါနေ့ကပြောထားပါတယ်။

ဒါပေမဲ့ သမ္မတ Trump မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ထားတဲ့ အတွက် စကားစစ်ထိုးပွဲစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးစရာမေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

စကားစစ်ထိုးပွဲအတွက် အန္တရာယ်ကင်းရှင်းရေး ဘယ်လိုဆောင်ရွက်ထားသလဲဆိုတဲ့ မေးခွန်းကိုတော့ Biden က သူ့အနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာသွားမယ်လို့ ပြောသလို သမ္မတ Trump မှာ COVID ရှိနေသေးရင် စကားစစ်ထိုး ပွဲမလုပ်သင့်ဘူးလို့ လည်း ပြောပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump အိမ်ဖြူတော်မှာ ရုံးပြန်တက်


.................

သမ်မတ Trump အိမျဖွူတောျမှာ ရုံးပွနျတကျ

(Unicode)






