FBI အဖွဲ့ကို သမ္မတ Donald Trump ဝေဖန်

သမ္မတ Donald Trump က တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ Twitter လူမှုကွန်ယက်ကတဆင့် ရေးသားမှုတွေအတွင်း FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗြူရိုကို တိုက်ခိုက် ပြောကြားလိုက်ပြီး သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Michael Flynn နဲ့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့အကြားက ဆက်သွယ်မှုတွေအပေါ် စုံစမ်းစစ်ဆေးနေတာတွေ ရပ်တန့်ဖို့ အကြီးအကဲဟောင်း James Comey ကို သူ့အနေနဲ့ တောင်းဆိုခဲ့ခြင်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။

FBI အဖွဲ့ဟာ ပျက်စီးနေပြီး သမိုင်းမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေကြောင်း၊ ဒါပေမယ့် Trump အစိုးရအနေနဲ့ အရင်ကရှိခဲ့တဲ့ ဂုဏ်သတင်းတွေ ပြန်ရအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း Twitter ကနေ သမ္မတ Trump က ရေးသားလိုက်ပါတယ်။

Flynn နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေတာကို ရပ်ပစ်ဖို့ သမ္မတက သူ့ကို ပြောခဲ့တယ်လို့ လွှတ်တော်မှာ မစ္စတာ Comey က ကျမ်းကျိန် ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့လဲ Comey ရဲ့ နောက်ထပ် လိမ်လည်မှုတခုအကြောင်း ရေးထားတဲ့ လုပ်ကြံသတင်းပဲလို့ သမ္မတ Trump က Twitter မှာ သီးခြား ရေးခဲ့ပါသေးတယ်။

ဇန်နဝါရီလအတွင်း မစ္စတာ Trump ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတဖြစ်မလာခင် သီတင်းပတ် အနည်းငယ်အလိုက ရုရှားသံအမတ်ကြီး Sergey Kislyak နဲ့ အဆက်အဆံရှိခဲ့တယ်ဆိုတဲ့ ကိစ္စကို သူ့အနေနဲ့ FBI ထံ လိမ်လည် ပြောကြားခဲ့ကြောင်း ဝါရှင်တန် ဒီစီမြို့မှာ ဝန်ခံ ပြောကြား ပြီး နှစ်ရက်အကြာမှာ သမ္မတ Trump က Twitter ကနေ အခုလို ရေးသားလိုက်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

FBI အဖွဲ့ကို သမ္မတ Donald Trump ဝေဖန်