တူရကီအပေါ် Donald Trump ရဲ့ အငြင်းပွားဖွယ် သတိပေးချက်

ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းမယ် ဆိုတဲ့ အပေါ် အမေရိကန် သမ္မတ Donald Trum က ကာကွယ်ပြောဆိုလိုက်ပြီး တူရကီ အပေါ်မှာလည်း ပြင်းထန်ပေမယ့် အငြင်းပွားဖွယ် သတိပေး ပြောဆိုလိုက်ပါတယ်။

ကာဒ့် လူမျိုးစု တိုက်ခိုက်ရေးသမားတွေ အပေါ် တူရကီဘက်က တိုက်ခိုက်လာနိုင်ခြေ ရှိတယ်လို့ မျှော်လင့်ထားကြပြီး ဒီကိစ္စမှာ အမေရိကန် တပ်တွေ ဝင်ပါမှာ မဟုတ်ဘူး၊ ဒါပေမယ့် တူရကီဘက်က အလွန်အကျူး လုပ်လာရင်တော့ တူရကီရဲ့ စီးပွားရေးကို ဖျက်စီးပစ်မယ်လို့ အမေရိကန် သမ္မတက တနလာၤနေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်တာပါ။

ညှဉ်းပန်းနှိပ်စက်ရာ မရောက်ဘူးလို့ အမေရိကန်က သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်လာရင်တော့ သူတို့ အနေနဲ့ စီးပွားရေး အကြီးအကျယ် ပျက်စီးမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ တနလာၤနေ့ နေ့ခင်းပိုင်းမှာဘဲ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အမေရိကန် တပ်ဖွဲ့တွေနဲ့ အတူ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို ချေမှုန်း တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယား ကာဒ့် လူမျိုးစု တိုက်ခိုက်ရေး အဖွဲ့တွေကို အမေရိကန်က စွန့်ခွာမယ့် အလားအလာအပေါ် သမ္မတရဲ့ ရီပတ်ပလီကန် မဟာမိတ်တွေကလည်း မကျေမနပ် ဖြစ်နေကြပါတယ်။

သမ္မတ Trump ကို အထက်လွှတ်တော်မှာ အခိုင်မာဆုံး ထောက်ခံထားသူ တဦးကတော့ သမ္မတရဲ့ အခု ဆုံးဖြတ်ချက်ဟာဆိုရင် အမြော်အမြင်မရှိတဲ့ တာဝန်မဲ့တဲ့ ဆုံးဖြတ်ချက်လို့ တနလာၤနေ့မှာဘဲ ပြောဆိုလိုက်ပါတယ်။ ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Lindsey Graham အနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသလားလို့ Fox & Friends မနက်ခင်း အစီအစဉ် မေးမြန်းခန်းမှာတော့ လုံး၀ မထောက်ခံပါဘူးလို့ ဖြေကြားသွားပါတယ်။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အမေရိကန် တပ်ဖွဲ့တွေကို ပြန်လည် ရုပ်သိမ်းမယ်ဆိုတဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ ကြေညာချက် အပေါ် အမေရိကန် အဓိက နိုင်ငံရေး ပါတီကြီး ၂ခုရဲ့ အရေးပါတဲ့ လွှတ်တော် အမတ်တွေက အပြင်းအထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးက ထိပ်တန်း လွှတ်တော် အမတ်တွေ ဖြစ်တဲ့ အထက်လွှတ်တော် ရီပတ်ပလီကန် အများစု ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော် ဥက္ကဌ ဒီမိုကရက်အမတ် Nancy Pelosi တို့က ဒီဆုံးဖြတ်ချက် အပေါ် ဝေဖန်ရှုတ်ချတဲ့ ကြေညာချက်တွေ အသီးသီး ထုတ်ခဲ့ကြပါတယ်။

ဆီးရီးယား ကနေ အမေရိကန် တပ်ဖွဲ့တွေကို ရုတ်တရက် ရုပ်သိမ်းလိုက်မယ် ဆိုရင် ရုရှား၊ အီရန်နဲ့ ဆီးရီးယား သမ္မတ Assad အစိုးရ အတွက်ဘဲ အကျိုးရှိစေမယ်လို့ အထက်လွှတ်တော် အများစု ခေါင်းဆောင် McConnell က ပြောဆိုပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS ကို အမြစ်ဖြုတ် ချေမှုန်းရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုမှာ အရေးပါတဲ့ မိတ်ဖက်တွေ ဖြစ်တဲ့ ကာဒ့်လူမျိုးစု တိုက်ခိုက်ရေး သမား မဟာမိတ်တွေကို သစ္စာဖောက်တဲ့ အကြီးအကျယ် စိုးရိမ်စရာ ကောင်းတဲ့ ဖြစ်ထွန်းမှုလို့ အောက်လွှတ်တော် ဥက္ကဌ Pelosi က ပြောဆိုပါတယ်။

...............

{Unicode}








Your browser doesn’t support HTML5

တူရကီအပေါ် Donald Trump ရဲ့ အငြင်းပွားဖွယ် သတိပေးချက်